အပိုင်း ၂၁
သူကငါ့ညီလေး မဟုတ်ဘူး
တရှုးရှုး တရှဲရှဲနှင့် ဒေါသအချောင်းချောင်းထွက်ကာ မျက်မှောင်ကျုံ့ ကြည့်နေသော ယူမီ။ လူပုစိတ်တိုဆိုတာ ယူမီမှအစစ်။ စင်တာအတွင်းရှိ လူများကလည်း စပ်စပ်စုစုနှင့် ဝိုင်းအုံကြည့်နေကြသည်။
ကြမ်းပြင်ပေါ်မှာ ကားယားကြီးမှောက်နေသော လူခမျာ မထနိုင်ရှာတော့။ အကြမ်းပတမ်းလေးကတော့ ပြဿနာရှာလိုက်လေပြီ။
ဒေါသကြီးလှပါသည်ဆိုသော ဒဿဂီရိတောင် သူ့လောက် လက်ရဲဇာတ်ရဲရှိမည်မထင်။ဘီလူးဆိုင်းတီးနေသော ညီမငယ် ရှိရာသို့ ကိုးအပြေးလေးသွားလိုက်ပြီး ယူမီအား ဆွဲခေါ်ရတော့သည်။ ဟန်ကတော့ အကန်ခံလိုက်ရသူအား တွဲထူပေးဖို့ ပြင်နေသည်။
"ယူမီ ဘာ..ဘာဖြစ်တာလဲဟင်"
ယူမီက ခြေထောက်ကို ခုန်ဆွ ခုန်ဆွလုပ်၍ လက်သီးလက်မောင်းတန်းကာ ပြန်ဖြေသည်။
"အဲဒီနှာဘူးက ယူမီတင်ပါးကို လာကိုင်တယ်လေ အဲဒီ ခွေးသူတောင်းစားကောင်!!"
ယူမီ၏ စကားကို ကြားလိုက်သည်နှင့် မင်းဟန်သစ်က မှောက်လျက်လဲနေသော လူကို တွဲထူပေးနေရင်းတန်းလန်းမှ ဝုန်းကနဲ လွှတ်ချလိုက်ရာ ထိုလူခမျာ ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားရသည်မို့ 'အား'ဟု တစ်ခွန်းသာ အော်လိုက်နိုင်ပြီး မျက်နှာနဲ့ကြမ်းပြင် တကျော့ပြန် မိတ်ဆက်သွားရပြန်၏။ထို့နောက် ဟိုကြည့်သည်ကြည့်လုပ်၍ ယူမီ၏ တင်ပါးကို ကိုင်သည်ဆိုသော လက်အား မသိမသာလေး တတ်နင်းလိုက်လေသည်။
" အောင်မလေး ကယ်...ကယ်ပါဦး "
ကြမ်းပြင်ပေါ်က လူက အကူအညီရရန်အလို့ငှာ လက်ကို အားကိုးတကြီး မြှောက်ပေးသည်။ ဟန်က ထိုလူအား ခပ်တည်တည်ပင် ကျော်ခွပြီး ကိုးတို့ရှိရာသို့ သွားလိုက်လေသည်။
"ယူမီ လာလာ ပြန်ကြစို့နော်"
ကိုးက ခေါ်နေသော်လည်း ယူမီက အရေးမလုပ်။
"မပြန်သေးဘူး ဟိုနှာဘူးကို အသေသတ်ပြီးမှ ပြန်မယ် !!!""အခုကို တော်တော်ဆိမ့်သွားလောက်ပါပြီ ယူမီရယ် ပြန်မယ် ပြန်မယ်နော်"