4 ( U )

870 99 31
                                    

ဘယ်ဘက်အခြမ်းကို မကြည့်မိအောင်နေရသည်က အ‌တော်လေးခက်ခဲသည်။ ပြောစရာပေါ်လာတိုင်း သူ့ခေါင်းက အော်တိုလှည့်သွားမြဲ။ ကန်တင်းသွားလျှင်လည်း စားရတာ တစ်ယောက်တည်း။ ပုံဆွဲတော့လည်း တစ်ယောက်တည်း။ မကျေနပ်ချက်များ ရင်ဖွင့်ချင်တော့လည်း တစ်ယောက်တည်း။

အခန်းရှေ့ဆုံးမှ ဖွင့်ထားသော ပန်ကာ၏ အဆက်မပြတ်လည်နေသည့် ဒလက်များကိုကြည့်ကာ ခဲတံကို အကြောင်းမဲ့ လှည့်နေမိသည်။

မိုးညိုမရှိသောရက်များက တကယ်ကိုပျင်းခြောက်ခြောက်နိုင်၏။

"မိတ္တူစာရွက်လေးတွေ အ‌နောက်ဘက်ကို ကမ်းပေးကြပါဦး"

ရှေ့ဆုံးတန်းမှတစ်ဆင့် ဆရာကမ်းပေးလိုက်သော စာရွက်များက တစ်ခုံဖြတ်ကျော်ပြီးတိုင်း တစ်ရွက်လျော့သွားရင်းဖြင့် သူတို့အနားသို့ ရောက်လာသည်။

"အဟမ်း...ဒီမှာ မင်းဟာ"

အောက်ငုံ့၍ စာအုပ်ထုတ်နေရာမှ အသံလာရာဆီ မော့ကြည့်မိတော့ ကြည်လင်ရှင်းသန့်နေသော မျက်နှာ။ ဖြူဖွေးဖွေး စာရွက်များကို ကိုင်ထားသည့် လက်ချောင်းများက ရှည်သွယ်ကြည့်ကောင်း၏။ လက်သည်းများကလည်း အရောင်တင်ထားသလို ပန်း‌ရောင်ဖျော့ဖျော့ဖြစ်ပြီး သန့်ရှင်းနေသည်။

"ကျေးဇူးပဲ"

အမူအယာကင်းမဲ့နေရာမှ အနည်းငယ်တိုးတက်လာသော ပုံဖြင့် သူ့ကိုကြည့်ကာ ပိုလာရစ်က ပြန်လှည့်သွားသည်။

"ဒါနဲ့ မင်းနာမည်က Polaris ဆိုတော့ ဓူဝံပေါ့"

ရှေ့တည့်တည့်မှ ဆရာ့ကို လိုက်ကြည့်နေသည့် မျက်လုံးများက သူ့ဘက်သို့ လှည့်မလာပေ။ ခေါင့်စိတ်က နောက်တစ်ဖန် နောက်ကျိနီးနီးဖြစ်သွား၏။

ဒီကောင်က ဘ၀င်လေဟတ်နေတာကို သူပဲ အမှတ်မရှိ။

မဲ့လိုက်ပြီးနောက် စာရွက်ကို ခပ်ကြမ်းကြမ်း ကောက်ခြစ်တော့ အေးဆေးသော အသံတစ်ခုက ထွက်လာသည်။

"မဟုတ်ဘူး"

"ဟမ်!"

"ဓူဝံမဟုတ်ဘူးလို့ ပိုလာရစ်ပဲ"

ခေါင့်မျက်နှာကို တစ်ချက်လှည့်ကြည့်ပြီးနောက် စာရွက်ပေါ် တစ်လုံးချင်း ချရေးပြသည်။ လက်ရေးကလည်း သေသပ်၏။

Your Popularity is My Calamity { Completed }Where stories live. Discover now