𝕋𝕨𝕠

2K 262 15
                                    

Uni

ခြေဗလာတွေနဲ့ ဆေးရုံကြမ်းပြင် ထိတွေ့မိတော့ အေးစက်စက်နိုင်မှုကို သူ ခံစားလိုက်ရသည်။ ဆေးရုံသည် ညဘက်ပေမို့ တိတ်ဆိတ်ခြောက်ကပ်နေ၏။ စိတ်ဝေဒနာသည်တွေ နေတဲ့ ဆေးရုံမို့ တစ်ချက်တစ်ချက်မှာ ထူးဆန်းသည့် အော်ညည်းသံအချို့နှင့် ကြောက်စရာ အသံများကိုပါ ကြားရတတ်သည်။ လက်ထဲက ပင်ကွင်းရုပ်လေးကို တင်းနေအောင် ကိုင်ထားရင်း ပွင့်ချပ် အားတင်းလိုက်သည်။ ကိုကို့ဆီရောက်ရင် ဘာမှကြောက်စရာ ရှိတော့မည် မဟုတ်။ ကိုကို့ဆီရောက်ဖို့သာ လိုသည်။

၁၆နှစ်အရွယ်ပေမဲ့ ထမင်းထက် သရေစာကို ပိုမက်သော ပွင့်ချပ်က တကယ့်သေးသေးကလေး။ ခြေသေးသေး လက်သေးသေးလေးတွေနှင့် ဖြူဆွတ်နေကာ ဆံပင်အုပ်အုပ်၊ မျက်လုံးဝိုင်းဝိုင်းလေးတွေရှိသည်။ ခန္ဓာကိုယ်က သေးရတဲ့အထဲ လူကြီးအင်္ကျီစွပ်ထားသော ကောင်လေးသည် တကယ်မှ ကလေးလေးလိုပင်။ ကြောက်ရွံ့မှုကြောင့် ဟိုကြည့်ဒီကြည့်ဖြစ်နေသည့် မျက်လုံးပြူးလေးတွေမှာ မျက်ရည်ပါဝေ့ချင်၏။ လက်သေးသေးတွေကို ပင်ကွင်းရုပ်လေးထဲ နစ်ဝင်မတတ် ခပ်တင်းတင်း ကိုင်ထားကာ ခြေဖဝါးသေးသေးလေးတွေက အသံမထွက်အောင် ခပ်ဖွဖွပြေးသည်။ ဆေးရုံကြမ်းပြင်သည် ကြွေပြား ခင်းထားတာပေမို့ ပွင့်ချပ် ခြေဖဝါးသေးသေးတွေက အသံထွက်အောင် မလုပ်နိုင်ခဲ့ပေ။

ညသည် လိုအပ်သည်ထက်ပို၍ ခြောက်ခြားနေခဲ့သည်။ သစ်ပင်တွေလည်း ငြိမ်သက်နေကာ ပုရစ်တွေလည်း မအော်ကြ။ ကြီးမားသည့် ဆိုးရွားမှုတစ်ခုဖြစ်လာရန် စောင့်ဆိုင်းနေပုံရသည်။ ရှားရှားပါးပါး တိုက်လာသည့် လေတောင် အေးစက်မှုအပေါင်းနဲ့ ပြည့်နှက်နေပြီး လလည်းမထွက်သည့် မှောင်ပိန်းပိန်း ညဖြစ်၏။

ပွင့်ချပ် ကိုကို့အခန်းတံခါးဆီရောက်လာတော့ တံခါးက ထူးထူးခြားခြားပွင့်နေသည်။ တာဝန်ခံဒေါက်တာ ရောက်နေလို့လားတော့ မသိပေ။ ဒါပေမဲ့ လူမရှိ သူမရှိလိုမျိုး လုံးဝတိတ်နေတာကြီးကတော့ ကြောက်စရာကောင်း၏။ ပွင့်ချပ်၏ ခေါင်းလုံးလုံးလေးက အခန်းထဲဝင်ကာ အခြေအနေကို အကဲခတ်လိုက်သည်။ ဟင့်အင်း ကိုကိုက လွဲလို့ တခြားသူ ရှိမနေ။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now