[ Zawgyi ]
အရောင်မှိန်နေတဲ့နှုတ်ခမ်းတွေဟာ ပိုလို့ပင် အညိုရောင်သန်းလာခဲ့သည်။ အရင်လို အခန်းတစ်ခုလုံးကိုအလုံပိတ်ပြီး ဆေးလိပ်တွေအဆက်မပြတ်သောက်နေတဲ့ကောင်လေးက ဆေးလိပ်ငွေ့တွေကြားထဲ လမ်းပျောက်နေခဲ့တယ်။ စတင်တွေ့ဆုံခဲ့စေခဲ့တာကိုက မှားယွင်းခြင်းပဲ။ အဲ့နေ့ကသာ သူ စီချွမ်တံတားကိုမသွားခဲ့ရင် သူနဲ့ အဲ့ဒီလူနဲ့တွေ့ခဲ့မှာမဟုတ်ဘူး။ တွေ့ဆုံခြင်းတွေမရှိခဲ့ရင် အခုလို နာကျင်စရာတွေတိုးခဲ့မှာလည်းမဟုတ်ဘူး။ နောင်တရတယ်။ အနားမှာခေါ်ပြီး ထွေးပွေ့ထားချင်ပေမယ့် သူက အဲ့ဒီလိုလုပ်ဖို့တောင် မထိုက်တန်တဲ့လူတစ်ယောက်ဖြစ်နေတယ်လေ။
မှုန်ထွန်လွန်းတဲ့ဆေးလိပ်ငွေ့တွေကြောင့် ချောင်းတွေတောင်ဆိုးလာခဲ့တော့သည်။ နာကျင်နေတဲ့ ရင်ဘတ်ကရော ဘာကြောင့်များလဲ။
အသက်ရှူလို့မဝအောင်ကို မွန်းကြပ်လာတာမို့ ဆေးလိပ်ကိုပစ်ချပြီး အခန်းထဲကနေထွက်လာခဲ့လိုက်တယ်။
ခြေလှမ်းတွေရဲ့ဦးတည်ရာက တစ်ချိန်က နားခိုခဲ့ဖူးတဲ့သစ်ပင်ရိပ်ကြီးဆီကိုပင်ဖြစ်တယ်။ ၁၉ နှစ်လုံးလုံး တစ်ကြိမ်တစ်ခါမှတောင်ပြန်မလာခဲ့ဘူး။ သို့ပေမယ့်..အဲ့ဒီနေ့က ဂေဟာထဲကလေးတွေနဲ့အပြိုင်ပြုံးရယ်နေတဲ့လူကြောင့် ကုန်းကျွင်းတစ်ခေါက်ရောက်ခဲ့သေးတယ်။ ဒါပေမယ့် ပြန်လှည့်လာခဲ့တယ် ၊ သူကမကောင်းတော့တဲ့သူမို့ သူ့အားနွေးထွေးမှုတွေပေးခဲ့တဲ့ မားသားလီကိုလည်းမျက်နှာမပြဝံ့သလို ၊ထိုလူအနားကိုမသွားချင်တာလဲပါခဲ့တယ်။
အခုတော့ ထိုလူများရှိနေမလားဆိုတဲ့အတွေးနဲ့ လာခဲ့သည်ပေါ့။
ဂေဟာဝန်းထဲကိုခြေချလိုက်တာနဲ့ နှစ်တွေကြာနေပြီဖြစ်တဲ့အမှတ်တရတွေဟာ ခေါင်းထဲရောက်လာတယ်။ ၄နှစ်တိုင်နားခိုခဲ့တဲ့ ဒီနေရာက သူ့အတွက်ငယ်ဘဝရဲ့အမှတ်တရများစွာရှိခဲ့တဲ့နေရာလည်းဖြစ်တယ်။
"မားသားလီ .. ဟိုမှာလူတစ်ယောက်လာနေတယ်"
ကလေးလေးတစ်ယောက်က မားသားလီရဲ့လက်ကိုဆွဲယမ်းလို့ပြောတာမို့ မားသားလီရဲ့မျက်လုံးတွေက ဂေဟာဝက ကောင်လေးဆီရောက်သွားတယ်။ အညိုရောင်သန်းနေတဲ့နှုတ်ခမ်းတွေနဲ့ မျက်ကွင်းတွေ ၊ ကောင်လေးမျက်နှာက လူမာမာမျက်နှာနီးပါးပုံစံပေါက်နေပေမယ့် ပျောက်မသွားတဲ့ ငယ်ရုပ်ကြောင့် မားသားလီဟာအကျွမ်းတဝင်ရှိလှတယ်။