ကျွန်မ အကျင့်သစ်တစ်ခုရနေပြီ။
မနက်မနက်ဆို ဘတ်စ်ကားမှတ်တိုင်ဆီလမ်းလျှောက်လာရင်းနဲ့ စတိုးဆိုင်ရှေ့ရောက်ရင် မသိမသာလေး ချောင်းကြည့်ရတာအကျင့်ဖြစ်နေတာ။ ရှက်ဖို့ကောင်းတာကတော့ ကျွန်မ ခိုးကြည့်လိုက်တိုင်း သူနဲ့ချည့်အကြည့်ချင်းဆုံတာရယ်၊ သူကလည်း အမြဲပြန်ပြုံးပြနေတာရယ်ပါပဲ။ အမြဲလိုလို သူခိုးလူမိအဖြစ်နဲ့ ခြေလှမ်းတွေမှားမတတ်ပဲ။
ဒီနေ့မနက်တော့ hoodieတစ်ထည်ကို ခေါင်းစွပ်ပါငိုက်နေအောင်ဆောင်းထားလိုက်တယ်။ ကျောပိုးအိတ်လည်း အရင်နေ့ကလွယ်နေကျဟာ မဟုတ်ဘဲ ရှိပြီးသားတခြားတစ်ခုလွယ်လာခဲ့လိုက်တယ်။ ရုပ်ဖျက်တဲ့သဘောမျိုးပေါ့ အဟင်း။ အဲ့လိုမျိုးအတွေးနဲ့ အိမ်ထဲကနေထွက်လာပြီး ခြံပြင်ရောက်တော့ ကျွန်မတွေးမိလိုက်တယ်။
တဆိတ်! ကျွန်မအသက်ပဲ ၂၂ရှိပြီလေ.. ဒီလိုကလေးကလားအကွက်တွေ ထုတ်သုံးဖို့လိုလို့လား။ ခြေစုံရပ်နေတဲ့ကျွန်မကို ခြေရင်းအိမ်က ကလေးမလေးက ဈေးပစ္စည်းတွေဆွဲလျက်သား အိမ်ရှေ့ကဖြတ်သွားရင်း လှည့်ကြည့်လှည့်ကြည့်နဲ့။ ကလေးတွေများ အားကြီးစပ်စုလွန်းတယ်။ အိမ်ကဝယ်ခိုင်းတာလေး ဝယ်ပြီး အိမ်ကို တန်းတန်းမတ်မတ်ပြန်ပါ့လားနော်။
ဒီပုံကြီးနဲ့ဆို အလစ်သုတ်သမားနဲ့တူနေမလား??
မဖြစ်သေးဘူးဆိုပြီး အိမ်ထဲပြန်ပြေးဝင်လို့ ခဲရောင်ရှပ်လက်တိုတစ်ထည်နဲ့ ဂျင်းဘောင်းဘီအပြာရင့်တစ်ထည်ပဲ ပြန်လဲလိုက်ရတယ်။ဒီလိုနဲ့ အလောတကြီးလျှောက်လာရင်း၊ အတွေးများနေရင်းနဲ့ပဲ ဆိုင်နားရောက်တော့ ခြေလှမ်းတွေကို အရှိန်သတ်လိုက်ပြီး ဖြေးဖြေးချင်း လျှောက်လိုက်တယ်။ အရင်လို လက်ထဲမှာ ဖုန်းကြီးတကားကားနဲ့ မသွားတော့ဘူး။ အရင်လို လမ်းကို ဝုန်းဒိုင်းကြဲမလျှောက်တော့ဘူး။ သူ့မျက်နှာလေးကို ဒီနေ့တစ်နေ့စာအမိဖမ်းဖို့ ကျွန်မ ငါးကြော်ပူပူအလစ်သုတ်မယ့် ကြောင်တစ်ကောင်ရဲ့ခြေလှမ်းမျိုးနဲ့ တရွေ့ရွေ့တိုးလာတယ်။
ခပ်လှမ်းလှမ်းကနေ ချောင်းနေပေမဲ့ သူ့ကို ကောင်တာမှာရပ်နေတာမတွေ့မိဘူး။
"ဟော်! ဘယ်ရောက်နေပါလိမ့်"
ရှိမနေဘူး။ ဒါနဲ့ ကျွန်မလည်း နည်းနည်းအရဲကိုးလိုက်တယ်။ တလှမ်းချင်းတလှမ်းချင်း ဆိုင်ရှေ့ကပ်လျက်ကနေ ဖြတ်သွားရင်း နီးနီးလေးမှ ချောင်းကြည့်ဖို့အလုပ် -
"အမေ့!!"
နောက်ပြန်လန်လဲတော့မတတ် လန့်သွားရတယ်။ သူက ဆိုင်ထဲကနေ ရေးကြီးသုတ်ပြာနဲ့ထွက်လာတာလေ။
"Annyeong Noona"
ဟော.. ပြုံးပြုံးလေးနဲ့ နှုတ်ဆက်လာပြန်ပါရော။ ဘုရားစူးရစေ့.. သူ့အပြုံးကတကယ်ကြီးတောက်ပနေတာ။ ဒီလိုနဲ့ ကျွန်မသူ့ကိုစွဲလမ်းသွားရင် ဘယ်လိုလုပ်ရမလဲ။ တစ်ယောက်လောက် ကယ်ကြပါဦး။
သူ့ရဲ့မျက်ဝန်းလှလှတွေကို ကြာပန်းအဖူးအမှတ်နဲ့ လိပ်ပြာတွေဝဲတော့မှာပဲဆိုတဲ့ မထော်မနန်းအတွေးကြီးက ခေါင်းထဲဝင်လာပြန်တယ်။ ပြီးတော့အဲ့အတွေးကို ကျွန်မ ကိုယ့်ဘာကိုယ်သဘောပြန်ကျသွားပြန်ရော။ ကျွန်မသာ လိပ်ပြာသေးသေးလေးဖြစ်ရင် သူ့မျက်တောင်ဖျားမှာ သွားနားတော့မလို့ လို့ တေးမှတ်ထားတယ်။
ပြီးတော့ကျွန်မကြားဖူးတဲ့သီချင်းစာသားတချို့တောင် ခေါင်းထဲအလုအယက်တိုးဝှေ့လာတယ်။
(Song - အပြုံးလေး by အေသင်ချိုဆွေ)
"မိုးလင်းတိုင်းလည်း မင်းစိတ်ပဲ.. မိုးချုပ်တိုင်းလည်း မင်းအရိပ်ပဲ
ခဏတော့ခွဲသွားမင်းမျက်နှာ.. ငါတကယ်ဦးညွှတ်သွားပြီပဲ..
နောက်ထပ် မင်းနဲ့တွေ့ဆုံပါရစေ .. နောက်ထပ် မင်းနဲ့တွေ့ခွင့်ရပါရစေ
ဒီလိုအခွင့်အရေးမျိုးကိုလည်း အချိန်ရှိတိုင်းပဲစောင့်နေ..
ဘယ်သူ.. ဘယ်ကမှန်းလည်းမသိပါ..
ဒီမျက်ဝန်းလေးထဲမှာ.. ငါတကယ်ကပ်ငြိသွားလို့ မေ့မှာစိုးတယ်..
အကြိမ်ကြိမ် ငါလေခိုးကြည့်တိုင်းမှာ.. မင်းလေးပေးတဲ့အပြုံးဟာ ကမ္ဘာမြေငြိမ်းချမ်းအောင်.. လှနေလိုက်တာ"
"အဟမ်း အင်း"
ကျွန်မလည်း ချောင်းတစ်ချက်ဟန့်ပြီး ပုခုံးကိုပြန်မတ်လို့ အသိအမှတ်ပြုသလိုလိုလေးပဲ လုပ်ပြီး ဆိုင်ရှေ့ကနေ ခပ်သုတ်သုတ်ဖြတ်လာလိုက်တယ်။
မဟုတ်ရင်လည်း ကျွန်မရင်ခုန်နေတာ သူကြားရော့မယ်။ သူ့နာမည်သိဖို့တောင်မလိုအပ်ဘဲ သူ့ကိုမြင်နေရတာနဲ့တင် သဘောကျဖို့ကောင်းမှန်း တနေ့ထက်တနေ့ပိုသိလာရတယ်။
ခက်တော့ခက်တယ် ကိုကိုမဖြစ်လိုက်ရတဲ့ကောင်လေးရယ်။
---
ဖတ်ရှူပေးသူ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ချစ်ခြင်းဖြင့်/
မြခက်
YOU ARE READING
The Last Grab ( Lee HeeSeung × OC )
FanfictionCigarettes Guitar Bike Ride Ice-cream & Those Hands. .