Bella တို့ အကြံပိုင်ချက်ကတော့ လက်မှတ်ဝယ်ထားတဲ့ရုပ်ရှင်ကိုက Horror အမျိုးအစားကို ရွေးထားတယ်။ Yang YuTeng နဲ့များ သူသွားကြည့်ရင် ကြောက်တာကို အကြောင်းပြပြီး ဇာတ်လမ်းတွေ ဆင်ဖို့လား မသိဘူး။
ဒါပေမဲ့ Bella မသိတာက Yang YuTeng က Horror ရုပ်ရှင်တွေ ကြည့်ရင် ကြောက်တတ်တယ်ဆိုတာပဲ။ ချစ်သူဘဝတုန်းကဆို Yang YuTeng က သူ့ရင်ခွင်ထဲ ဝင်ပြီး ရုပ်ရှင်ကြည့်ခဲ့တာ။ Horror ဆို ပိုဆိုး သူ့လက်တွေကို ဆုပ်ကိုင်ပြီး ရင်ခွင်ထဲ မျက်နှာဖွက်ကြည့်တာမျိုး။
အခုတော့ ရုပ်ရှင်ရုံထဲ စရောက်ကတည်းက Yang YuTeng ရော သူရော နှစ်ယောက်စလုံး တောင့်တောင့်ကြီး ဖြစ်နေကြတယ်။ Yang YuTeng မငြင်းဆန်ခင် ရုပ်ရှင်ရုံထဲ အမြန်ဆွဲသွင်းလာတာမို့ ဘာမုန့်မှလည်း ဝယ်မလာရတော့ စားစရာလည်း မရှိ။ နှစ်ယောက်စလုံး ငြိမ်ချက်သား ကောင်းနေတယ်။
ကြာချိန်တစ်ဝက်လောက် ရောက်တော့ ရုပ်ရှင်ကလည်း တဖြည်းဖြည်း ပိုခြောက်ချားစရာကောင်းလာပြီ။ သူတို့နှစ်ယောက်ကြား လက်တန်းပေါ်မှာ တင်ထားတဲ့ Yang YuTeng ရဲ့ လက်က ကြောက်စရာအခန်းတစ်ခန်း လာတိုင်း လက်တန်းကို အတင်းဆုပ်ကိုင်ထားလို့ အကြောတွေပါ ထောင်နေတာ သူသတိထားမိတယ်။ Yang YuTeng ကြောက်နေပြီဆိုတာ သူရိပ်မိတယ်။ အရင်လို လက်ချင်းယှက်ကိုင်ပြီး အားပေးချင်တယ်။ ရုပ်ရှင်ရုံထဲ နှစ်ယောက်တည်း ရှိနေတော့ ခံစားချက်တွေကအစ သိပ် မထိန်းချင်တော့တာမျိုး။
Yang YuTeng ရဲ့ လက်ဖမိုးဖွေးဖွေးကို ကြည့်ရင်း သူ ရှည်ရှည်ဝေးဝေး မတွေးနိုင်တော့ပဲ လက်ချင်းယှက်ကာ ဖမ်းဆုပ်လိုက်တယ်။ ရုတ်တရက်ကို လက်ဖဝါးကို ဖမ်းဆုပ်ချင်း ခံလိုက်ရတဲ့ Yang YuTeng က သူ့ကို လှည့်ကြည့်လာတယ်။ သူလည်း Yang YuTeng ရဲ့ မျက်လုံးတွေကို ပြန်လည် စိုက်ကြည့်ရင်း အောင်စာရင်း ကြည့်သလို ရင်ခုန်ခြင်းမျိုးနဲ့ အဖြေရှာမိတယ်။ သူ ဒီစွန့်စားမှုမှာ အောင်မြင်လား။
သူ့လက်ထဲကနေ ဆတ်ခနဲ ရုန်းထွက်သွားတဲ့ Yang YuTeng က ခုံကနေပါ ရုတ်တရက်ကြီး ထပြီး သူ့ကို ကျော်ခွကာ ထပြန်တယ်။
"Yang YuTeng... Yang YuTeng..."
သူ့အနောက်က ပြေးလိုက်တာတောင် မရတော့။ ခေါ်တာလည်း လှည့်မကြည့်။ Yang YuTeng က သူ့ကို ထားပြီး တက္ကစီ ပေါ်တက်ကာ ပြန်သွားတော့တယ်။ သူမှားပြန်ပြီ။ Yang YuTeng သူ့ကို စိတ်ဆိုးသွားပြီ။
YOU ARE READING
Ours
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️