လေးလခန့်ကြာပြီးနောက်.....
ဒေါ်ခတ္တာနွယ် သားလေးတက်ခဲ့ဖူးသည့် ကျောင်းဝန်းလေးအတွင်းတစ်လှမ်းချင်း ဝင်ရောက်ခဲ့သည်။
နွယ်ဟာထိုကျောင်းဝန်းလေးအတွင်း နေ့တိုင်းရောက်ဖြစ်ပါသည်။ သားငယ်လေးများ ရှိနေမည်အထင်နှင့် နေ့တိုင်းလာရောက်စောင့်မျှော်နေတတ်သည်မှာ သားလေးပျောက်သွားသည့် နေ့မှစ၍ယနေ့ထိတိုင်ပင်ဖြစ်သည်။စာမေးပွဲပြီးသည့်အချိန်မို့ ကျောင်းတော်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်။၁၀တန်းစာမေးပွဲတောင် ပြီးသွားပြီသားလေးရေ။ အမေ့သားငယ်ငယ်လေး။၆ဘာသာပါအောင်ဖြေမှာ မေမေဆိုတဲ့ မေ့မေ့သားလေး။ဆရာဝန်သိပ်ဖြစ်ချင်တဲ့ မေမေ့သားနွေဦးလေး။သားရယ် ဘယ်ကိုများရောက်နေသလဲကွယ်။မေမေ့ဆီပြန်လာပါတော့လား သားရယ်။"တူ တူ တူ..."
သားစိတ်နှင့် တစ်မှိုင်မှိုင်တစ်ငိုင်ငိုင်ဖြစ်နေသော နွယ့်ခန္ဓာကိုယ်လေးက ဖုန်းသံကြောင့် အနည်းငယ်တုန်တက်သွားသည်။ပါးပြင်ထက်မှ ကျဆင်းနေသည့် မျက်ရည်ကြည်တို့အား ကပျာကယာသုတ်ဖယ်ကာ ဖုန်းကိုင်လိုက်ရတော့သည်။"ဟယ် ..လို"
အဖျားခတ်တုန်ယင်နေသည့်မိမိအသံအား အတန်ငယ်ထိန်းထိန်းသိမ်းသိမ်းပြောလိုက်ရသည်။
တစ်ဖက်မှ အသံအား မကြားရသေးသည်မို့ နွယ်နောက်ထပ်တစ်ချိန် ထပ်ပြောလိုက်သည်။"ဟယ်လို ဘယ်သူပါလဲရှင်"
"သမီးလေး ခတ္တာ.."ကြားလိုက်ရသည့် အသံပိုင်ရှင်အား နွယ် မျက်လုံးထဲချက်ချင်းကိုမြင်ယောင်သွားရတော့၏။သူမအား ခတ္တာလေးဟုခေါ်ဆိုသော အမျိုးသမီးသည် တစ်ဦးတည်းသာ ရှိပါ၏။အေးအေးချမ်းချမ်းပြုံးပြတတ်သည့်ထိုအမျိုးသမီးကြီးအား နွယ်တစ်ယောက်သေသေချာချာကိုမှတ်မိပါသည်။
"ကြီး ကြီးကြီးမေ..?"
"ဟုတ်ပါတယ် သမီးရယ် ကြီးကြီးမေထားရီပါ။သမီးကိုဖုန်းဆက်ဖို့တော်တော်လေးကို စဥ်းစားယူလိုက်ရတယ်ရယ်။ဒါကလဲ အတာနွေဦးလေးရဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး"
"သား သားကို ကြီးကြီးက ဘယ်လိုသိတာလဲ"တစ်ဒိန်းဒိန်း ခုန်လာသောမိမိရင်ဘတ်အစုံက စည်းတီးနေသည့်အလား။တစ်စုံတစ်ဦးသော သူ၏ မျက်ဝန်းစူးစူးတို့ကိုပြေးမြင်မိလိုက်သည်။