မူးနောက်ရီဝေနေသည့် ခံစားချက်ကိုအတာပထမဦးစွာခံစားမိလိုက်သည်။နုံးခွေနေသည့် ခန္ဓာကိုယ်ကအားအင်ချည့်နဲ့လျှက်။ ကျောပြင်မှနူးညံ့အိစက်နေသည့်အထိအတွေ့ နှင့်အတူ စကားပြောသံတို့ကိုလဲ အတာကြားနေရသည်။ကြည့်ရတာ ထိုသူ့အခန်းတွင်းရောက်နေပြီထင်ပါရဲ့။
"ကိုယ်ဝန် ဟုတ်လား ကိုယ်ဝန်တဲ့လား!!!"
"စိုင်းသင်္ခါနောင်!!!!"*ဘာတွေများလဲ။မ ဟုတ်မှလွဲရော..။*
ကြားလိုက်ရသည့် စကားတို့ကြောင့် အထိတ်တလန့်ဖြင့် အတင်းကုန်းရုန်းထမိတော့ "ကျစ်" ခနဲ အသံတစ်ချက်ကြားလိုက်ရကာ ပျော့ခွေနေသည့်ခန္ဓာကိုယ်က ရင်ခွင်ကျယ်ကျယ်ကြား ထွေးပွေ့ဆွဲထူခြင်းခံလိုက်ရပေသည်။အတာ ပုံမှန်ထိုလူနှင့်ယခုလို ထိတွေ့ရန်မနှစ်မြို့သော်လည်း မည်သို့မျှမဟန်နိုင်တော့သည်မို့ ထိုအတိုင်းသာနေလိုက်ရသည်။မြင်လိုက်ရသည့်မြင်ကွင်းက အတာ့အားကြောင်အစေသည်။မေမေ၊ဖွားဖွားနှင့်ကြီးတင်တို့က မျက်စိမျက်နှာပျက်လျှက်။
ထိုနည်းတူစွာ အနည်းငယ်စိတ်မသက်မသာဟန် မျက်နှာပေးနှင့် ဆေးအိတ်ကိုင်၍မတ်မတ်ရပ်နေသော တောင်ကြီးအိမ်မှ Doctor ရှိုင်းခွန်မိုင် ဆိုသည့်လူ။အတာ ထိုသူ့ကိုသာ အမောတကောကြည့်ပြီး ရင်မောစွာမေးလိုက်မိသည်။
"လေးလေး ရှိုင်းခွန်"
ထိုသူက သူ့အားအင်တင်တင်နှင့်ကြည့်လာကာ ထူးလာသည်။
"ပြော ပြောလေ "
"အ အတာ ဘာဖြစ်တာလဲဟင်!?"ထိုမေးခွန်းအဆုံးထိုလူက အတာ့နောက်ကျောမှထိန်းပွေ့ထားသည့်လူဆီသို့ အကြည့်တစ်ချက်ရောက်သွားပြီးမှ သက်ပြင်းချလာသည်။အတာစိတ်မရှည်နိုင်တော့စွာ နောက်မှလူအားအတင်းတွန်းထိုးပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ယိုင်နဲ့နဲ့ဖြစ်နေသည်ကိုထိန်းပြီးရအောင် မတ်တပ်ရပ်လိုက်ကာ
"ဒီတိုင်း ဒီတိုင်း မူးလဲတာမလား။ကားလဲမူးထားတော့ ဒီစောက်သုံးမကျတဲ့ခန္ဓာကိုယ်ကမခံနိုင်လို့ သတိပါလစ်သွားရတာမလား ဟင်!?"
မျှော်လင့်ချက်အပြည့်ပါသည့်အကြည့်တို့နှင့်မေးမြန်းနေသည်အား စိတ်မကောင်းကြီးစွာကြည့်လာပြီးနောက် ခပ်တိုးတိုးပြန်ဖြေလိုက်သည့် စကားသံအကြား အတာမိုးကြိုးပင်အပစ်ခံလိုက်ရသကဲ့သို့တုန်လှုပ်သွားရတော့သည်။