Unicode
zombieတိုက်ခိုက်မှုသတင်းများသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ပြီး ဖြစ်စဥ်၏ မူလဇာတ်မြစ်ကိုမူ မည်သူမျှမဖော်ထုတ်နိုင်ဘဲရှိလေသည်။
သာယာလှသည့် ချစ်သူများနေ့မနက်ခင်းလေးသည် မယုံနိုင်ဖွယ်ရာ ရုပ်ရှင်ဆန်လှသည့် အဖြစ်ဆိုးကြီးကြောင့် သွေးညှီနံ့လှိုင်ကာ အနိဋ္ဌာရုံမြင်ကွင်းတို့ဖြင့် ပြည့်နှက်နေသည့်နေ့တစ်ခုအဖြစ် တခဏချင်းမှာတင် ပြောင်းလဲသွားခဲ့သည်။
သွေးရောင်လွှမ်းနေသည့် လမ်းမကျယ်များသည် ဆာလောင်မှုကြောင့် ရန်လိုနေသည့် zombieအုပ်တို့ဖြင့် ပြည့်နှက်နေသည်။ တချို့လမ်းထောင့်များတွင် တစ်ပိုင်းတစ်စပျံ့ကျဲနေသည့် ကိုယ်တွင်းကလီစာများအား အလုအယက်စားသောက်နေကြသည့် zombieတို့က နေရာယူထားကြပြီး ၊ တချို့နေရာတို့တွင်မူ ယခုတိုင် ပုန်းခိုစရာနေရာမရကြသေးသည့် လူတစ်ယောက်စ နှစ်ယောက်စသည် ဆာလောင်နေသည့် zombieတို့၏ ရန်မှ ကင်းလွတ်ရန် သွေးရူးသွေးတန်း ပြေးလွှားနေကြဆဲပင်ဖြစ်သည်။
မြင့်တက်လာပြီဖြစ်သည့် နေမင်းကြီးထံမှ ထိန်ညီးသည့်အလင်းရောင်သည် ဖရိုဖရဲလမ်းမကျယ်တို့ထက် အင်တိုက်အားတိုက်ဖြင့် ဖြန့်ကျက်ကျရောက်လာ၏။ လတ်လတ်ဆတ်ဆတ်သွေးအိုင်တို့သည် နေရောင်ကြောင့် ပို၍ပင်အမြင်ထင်ရှားနေသည်။
.
ချောင်အကျဆုံး လမ်းထောင့်တစ်နေရာတွင် ခပ်ဝဝ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရှိနေ၏။ သူ၏ အဆီတစ်ရစ် အသားတစ်ရစ်နှင့် ဝဖိုင့်နေသည့်ခန္ဓာကိုယ်သည် ပြေးလွှားခြင်းနှင့် အလွန့်ကို မသင့်တော်ပါသည့်အတွက် ထိုအမျိုးသားသည် လမ်းထောင့်ရှိ အမှိုက်ပုံးခပ်ကြီးကြီးကိုသာ အကာအကွယ်ယူရင်း အချိန်အတော်ကြာသည်အထိ ထိုနေရာတွင်ပင် ေဆာင့်ကြောင့်ထိုင်ကာ ပုန်းကွယ်နေခဲ့ရသည်။
သို့သော်ငြား မိနစ်ပေါင်းများစွာ မလှုပ်မယှက်ဖြင့်နေရခြင်းသည်လဲ သူ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် သင့်တော်မနေပြန်ပါချေ။ တစ်ကိုယ်လုံးရှိ အကြောအဆစ်တို့နှင့် သိပ်မကောင်းတော့သည့်အရိုးတို့သည် ယခုလိုအနေအထားနှင့် ဆက်နေရန် အဆင်မပြေတော့ကြောင်း သူ့အား အချက်ပြနေပြီဖြစ်သည်။
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe