Chapter 18

3.3K 535 7
                                    

Unicode

လျို့ဟွားမေ၏ ကြင်နာတတ်ခြင်း ကျေးဇူးတော်ကြောင့် ထိုညက ချန်ချန်းချင်းဟာ လုကျန့်ဖေးနှင့်အတူ တစ်အိပ်ရာတည်း အိပ်ခွင့်ရလိုက်လေသည်။

အမှန်‌တော့ အတိတ်တွင် ချန်ချန်းချင်းနှင့် လုကျန့်ဖေး  နှစ်ယောက်သားက မကြာခဏ အတူတူ အိပ်ဖြစ်ခဲ့ကြသည်။ သို့သော်ငြား ချန်ချန်းချင်း ခြေထောက်ကျိုးပြီးကတည်းက သူ၏ အိပ်မပျော်ခြင်းရောဂါကလည်း ပို၍ဆိုးဝါးလာသည့်အတွက် နှစ်ဦးသားက သီးသန့်စီ စ၍အိပ်ဖြစ်ခဲ့ကြ၏။

ချန်ချန်းချင်းက သူရေချိုးပြီးပြီးချင်းမှာပဲ အိပ်ရာပေါ်သို့ တက်သွားပြီး အိပ်ဖို့ပြင်တော့သည်။

လုကျန့်ဖေးကလည်း သူ့နောက်မှ လိုက်လာပြီး အိပ်ရာပေါ်သို့ တက်လာလေ၏။ သူက ချန်ချန်းချင်း၏ ဘေး‌တွင် လှဲလိုက်သည့်အခါ ချန်ချန်းချင်းမှာမူ အသက်ရှူသံမှန်မှန်နှင့် မျက်လုံးများမှိတ်ထားနှင့်ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အိပ်ပျော်သွားသည့်ပုံပင်။

ချန်ချန်းချင်းက အိပ်ပျော်ဖို့ရန် ခက်ခဲကြောင်း လုကျန့်ဖေးက သိလေရာ သူအိပ်ပျော်နေသည်ကို မြင်သည့်အခါ ချန်ချန်းချင်းအား မနှောင့်ယှက်တော့ပေ။ မှုန်ဝါးဝါး ညမီးအလင်းရောင်၏အောက်၌ သူ့ဘေး‌တွင် အိပ်နေသော လူငယ်လေးကို စူးစမ်းသည်ကပင် သူပြုလုပ်သည့် အရာအလုံးစုံပင် ဖြစ်ချေ၏။

ချန်ချန်းချင်းသည်က နှစ်ဆယ့်တစ်နှစ်သာလျှင် ရှိချေသေးသည်။ ထို့ကြောင့် ကလေးဆန်သည့် ဖြူစင်သော ခံစားချက်အား သူ့မျက်နှာ သဏ္ဌာန်လေးမှ ဖော်ထုတ်နေသေးသည်။ ကြည့်ရသည်မှာ သူ၏မျက်ခုံးများကြားမှ မျက်မှောင်ကြုံ့ထားမှုသည် သူအိပ်ပျော်နေသည့်အခါတွင်မှ ပြေလျော့သွားပုံပေါ်လေသည်။ ၎င်းအပြင် မီးရောင်အောက်တွင် သူ၏ ဖြူသောအသားအရေမှာ ပို၍ ဖြူဖျော့ပုံ ပေါ်နေသည်။

ချန်ချန်းချင်းက သူ့အတွက် မည့်သည့်ခံစားချက်မျှမရှိကြောင်းအား လုကျန့်ဖေးမှာ သိ‌ပါ၏။

လုကျန့်ဖေးသည် ချန်ချန်းချင်းအား ကြည့်နေရင်းမှပင် ထူးဆန်းသည့် ခံစားချက်တစ်ခုက သူ့နှလုံးသားအား စတင် လွှမ်းခြုံလာလေသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်မှာတော့ သူ ချန်ချန်းချင်းအား မနမ်းရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက အသံတစိုးတစိမျှပင် မထွက်စေရဘဲ လက်လှမ်းလိုက်ကာ မီးပိတ်လိုက်လေသည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now