"လစ်ဟာမှုတွေရှိနေတဲ့ ဆောင်းရာသီ"
(၁)
ကွက်လပ်ဖြည့်ပါဆိုတဲ့ မေးခွန်းတပုဒ်လိုမျိုး
သူ့မှာ လစ်ဟာမှုအချို့ရှိနေခဲ့တယ်လို့ အမြဲလိုလိုခံစားရတယ်။သူ့အကြောင်းသေသေချာချာမသိခင်အချိန်တည်းက ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ထင်ရလောက်အောင် လူတွေနဲ့ အဆင်ပြေ,ပြေစကားပြောနေတတ်တဲ့ ပျော်ရွှင်နေတဲ့သူ့မှာ လစ်ဟာမှုအချို့ရှိနေတယ်လို့ မြင်ခဲ့မိတယ်။ပြီးတော့ အဲ့ဒီကွက်လပ်တွေကို ဖြည့်ပေးချင်ခဲ့တာ။ဖြည့်ပေးနိုင်မယ်လို့လည်း ယုံကြည်ထားခဲ့တာ။(၂)
တကယ်တော့ သူဟာ လစ်ဟာမှုနဲ့နေသားကျပြီးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီလစ်ဟာမှုကို ဖြည့်ပေးချင်နေတုန်းပဲ။ဘာလို့များ ကွက်လပ်ဖြည့်ပေးချင်နေလဲဆိုတဲ့ မေးခွန်းအစား လစ်ဟာမှူတခုမဟုတ် တခုရဲ့ အဖြေမှန်ဟာ ငါများဖြစ်နေမလားလို့ပဲ ထပ်ခါတလဲလဲ မေးခွန်းထုတ်နေခဲ့တယ်။
အဲ့ဒီအဖြေမှန်ဟာ အခြားလူတယောက်ဖြစ်နေနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေကိုမေ့လျော့ထားပြီးတော့...။(၃)
ဝမ်းနည်းစရာကတော့ (၃)နှစ်ကြာပြီးတာတောင်
ငါနဲ့အံဝင်ခွင်ကျဖြစ်တဲ့ ကွက်လပ်တခုမှရှာမတွေ့ခဲ့တာပဲ။အဖြေမှားဖြစ်နေမှန်းမသိခဲ့ဘဲ
အတင်းဖြည့်ဖို့ကြိုးစားမိတယ်ဆိုတဲ့ အဖြစ်မှန်က
ထင်တာထက်ပိုပြီး ငါ့ကိုနာကျင်စေတယ်။သူ့အတွက်ဖြတ်ခနဲသတိတရမိတဲ့ ပြုံးပျော်အောင်လုပ်ပေးနိုင်တဲ့ အဓိပ္ပါယ်မျိုးမဟုတ်ခဲ့သလို နာကျင်မှုတွေကြုံလာတဲ့အခါ နှစ်သိမ့်ပေးနိုင်တဲ့နွေးထွေးမှုမျိုးလည်း မဖြစ်ခဲ့ဘူး။သက်တံတစင်းကို ဖမ်းဆုပ်ဖို့ကြိုးစားနေတဲ့အခိုက်အတန့်မှာ ပျော်ရွှင်ရပေမယ့် နည်းနည်းလေးတောင်အရာမထင်မှန်းသိလိုက်ရတဲ့အခါ
ပျော်ရွှင်ခဲ့သလောက်ဝမ်းနည်းရတော့တာပါပဲ။"ချစ်ခြင်းမေတ္တာမှာ အကြောင်းပြချက်ဆိုတာမျိုးမရှိဘူးတဲ့။ဒါပေမယ့် ငါကတော့ သူ့ကို
ချစ်မိတဲ့အကြောင်းပြချက်ရာချီပြောပြနိုင်ပါတယ်။ သူ့အတွက်ငါက မလိုအပ်တဲ့
အဖြေမှားတခုဖြစ်နေခဲ့ရင်တောင်မှပေါ့"