အခန်း ၁၂

7.6K 547 25
                                    

Unicode

အလုပ်ကပြန်တော့သူဆေးရုံကိုဝင်ခဲ့သေးသည်။ ဆရာဝန်အတွက်ဦးတင့်ထွန်းကိုတစ်ခါတည်းတွေ့ခဲ့တာမို့လို့ အဆင်သင့်ဖြစ်ကာ အခုတလောမူးမော်၍ ပျို့အန်ချင်သည့်အကြောင်းကိုပြောပြဖြစ်၏။
ဦးတင့်ထွန်းကတော့ ဆေးစစ်ပေးမည်ဟုခေါ်ကာ ရက်ချိန်းတစ်ခုထပ်တောင်းသည်။ ရှေ့အပါတ်ထဲပြန်လာရမယ်လို့တော့ပြောတာပါပဲ။

အစောင့် ကားနှစ်စီး ရှေ့နောက်ပါတဲ့ကြားကနေ အရှိန်လျှော့မောင်းနေရသည်မို့ အိမ်ပြန်ခရီးကထင်သလောက်မရောက်။ အမြဲလိုလိုပုံမှန်ထက် ၁၅မိနစ် နာရီဝက်နောက်ကျတတ်သည်။ အရင်ဆိုတစ်​ယောက်တည်းပြန်တာ။ ဒီလိုဆိုမဖြစ်သေးပြီမို့ ကွန်ဒိုခန်းတွေပြန်ရှာခိုင်းရသည်။ မရှိရင်လည်း သူတစ်ခန်းအသစ်ဝယ်ပစ်ပြီး တက်နေတော့မှာ။

ဒီလိုမျိုးအသွားအပြန် စောင့်ကြည့်ခံပုံစံကိုအသားမကျသေးမို့လေ။

စံအိမ်ရှေ့ကားထိုးရပ်ပြီးတာနဲ့ ကားသော့ပင်မဖြုတ်ဘဲ ဆင်းလာလိုက်တော့သည်။ မနက်ကနိမိတ်နဲ့စကားများပြီးကတည်းက သူစဥ်းစားနေခဲ့တာ။ သူမှားတယ်မဆိုသာပေမဲ့ ပြည့်ပြည့်ဝဝမှန်တာမဟုတ်။ ဒါပေမဲ့သူမတားရင်တစ်ဖက်လူသေမှာပင်။

နိမိတ်ရှိန်ဝါစိတ်ကြီးပုံမျိုးနဲ့ဆို သူအသက်​တောင်ဖြောင့်အောင်ရှူရဲပါ့မလား မသေချာ။

ဧည့်ခန်းမှာခဏဝင်နားတော့ ညိုနွဲ့ကဖျော်ရည်တစ်ခွက်သူ့ကိုလာပို့ပေးသည်။ လိမ္မော်သီးဖျော်ရည်ဖြစ်ကာ တစ်ငုံမော့သောက်လိုက်သည်နှင့် လိမ္မော်သီးအရသာချိုချိုလေးက လည်ချောင်းဝမှဖြတ်ဆင်းသွားသည်မို့ စိတ်ပင်အနည်းငယ်လန်းလာတဲ့အထိ။

ထို့နောက် မျက်စိကစားရင်းနိမိတ်ကိုတွေ့မလားရှာလျှင် အရိပ်ပင်မမြင်ရ။ နောက်ပြီးနိမိတ်ကပြန်မရောက်သေးတာလား။

သူမျှော်နေသည်ဆိုတာမျိုးထက် ပြောစရာလေးတွေရှိနေသည်မို့ လိုက်ရှာမိတာဖြစ်သည်။ ရှိမနေဘူးဆိုတော့လည်း တကူးတကကြီးရှာမနေချင်ပါ။ နိမိတ်ရှိန်ဝါဘယ်ရောက်ရောက် သူ့အကြောင်းလည်းပါမနေပါချေ။

The Crown ✅Where stories live. Discover now