CHAPTER-14

2.2K 398 5
                                    

UNICODE

အခန်း (၁၄)
မင်း ကိုယ်နဲ့ ထပ်လမ်းခွဲဦးမှာမလား?

အဆုံးတွင်မှ ရှုကျင်းလည်း လွတ်လွတ်လပ်လပ် အသက်ရှူခွင့််ရတော့သည်။

အလင်းရောင်က ဤမျှ မစူးရှ။ သို့သော် ရှုကျင်းထံမှ တဖြိုင်ဖြိုင်စီးကျနေသည့် မျက်ရည်စများက တလက်လက်တောက်ပလျက်ရှိ၏။

ဆိုဖာက ကျဥ်းမြောင်းကာ သက်သောင့်သက်သာမရှိသဖြင့် အိပ်ခန်းဆီ သွားကြ၏။ ရှုကျင်းက ဆိုဖာနှင့်အရွယ်အစားသိပ်မကွာလှသည့်ကုတင်ထက် လှဲချလိုက်သည်။ ထို့နောက် ကမ်းလှမ်းလာသည့် အနမ်းတစ်ပွင့်ကို လက်ခံရန် ခေါင်းထောင်လိုက်ပြီး ရှန့်ရှင်းဟယ်၏လည်ပင်းအား လက်နှစ်ဖက်ဖြင့် သွယ်ယှက်လိုက်၏။ ရှန့်ရှင်းဟယ်၏ဆံပင်များကို လက်ချောင်းများဖြင့် ထိုးဖွနေရင်း တူညီသည့်ရေချိုးဆပ်ပြာအနံ့သင်းသင်းကို တစ်ဖန် ရှိုက်မိပြန်၏။

အနမ်းဇာတ်လမ်းက အင်မတန်ကြာညောင်းသွားသည်ပင်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားရလောက်သည်အထိ။ ဆယ်ကျော်သက်အရွယ်ကတည်းက ပျိုးထောင်ခဲ့သည့် ချစ်ခြင်းမေတ္တာက အဆုံးမရှိ ပွင့်လန်းနေဆဲပင်။

ခန္ဓာကိုယ်ထဲသို့ အေးစိမ့်မှုတစ်စုံတစ်ရာ ထိုးဖောက်ဝင်ရောက်လာသော် ရှုကျင်း အံ့အားသင့်မိသွား၏။ မည်သို့မည်နှယ်ရလာကြောင်းကို တွေးကာ ကြောင်အသွားလေသည်။

ရှန့်ရှင်းဟယ်လည်း ရှင်းပြမနေတော့။

ဟိုတယ်မှ အဝတ်အိတ်သွားယူစဥ်က ဝယ်ယူခဲ့ခြင်းလည်း ဖြစ်နိုင်သလို နဂိုကတည်းက အဝတ်အိတ်ထဲ၌ ပါလာခြင်းလည်းဖြစ်နိုင်ပြီး ဈေးဝယ်စင်တာ၌ ရှုကျင်း၏မျက်ကွယ်တွင် ဝယ်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။

ရှန့်ရှင်းဟယ်က ယခင်ကနှင့် မတူတော့။ ကုန်လွန်ခဲ့သော ဆယ်ကျော်သက်အရွယ်ကဆိုလျှင် ရှုကျင်းက ရှန့်ရှင်းဟယ်အား အကြည့်တစ်ချက်နှင့်ပင် ထိုးဖောက်သိမြင်နိုင်သည်။ ရှန့်ရှင်းဟယ်ကိုယ်တိုင်ကိုယ်ကျ၌ လျှို့ဝှက်ချက်များ ရှိမနေခြင်းကြောင့်။

Please Don't See Me [Mm Transl. || Completed]Where stories live. Discover now