CHAPTER-17

2.2K 387 4
                                    

UNICODE

အခန်း (၁၇)
မိုးကြိုးပစ်၍ ကမ္ဘာမြေမီးလောင်ချေပြီ

ထို့နောက်တွင်တော့ ရှန့်ရှင်းဟယ် သတင်းစာဌာနမှ အင်တာဗျူးမေးခံရလော၊ မခံရလောကို ရှုကျင်းသတိမထားမိတော့။

တစ်ခါပြန်ခွဲခွာခဲ့ရပြီးနောက် ကားထက်၌ ရှန့်ရှင်းဟယ် သူ့အား စိုက်ကြည့်ခဲ့သည့် အကြည့်နက်နက်များက ရှုကျင်း၏စိတ်ထဲ အစဥ်အမြဲလွှမ်းမိုးနေခဲ့သည်ပင်။ ထိုစဥ်က ရင်ခုန်နှုန်းများ မည်သို့မည်နှယ်မြန်ဆန်နေခဲ့ကြောင်းကိုလည်း မနေ့တစ်နေ့က ဖြစ်ခဲ့သလို စွဲစွဲထင်ထင်မှတ်မိနေပါသေး၏။ အမည်ဖော်မရနိုင်သည့် ဒွိဟဖြစ်စရာ ခံစားချက်များက သူတို့နှစ်ဦးအကြား တိတ်တဆိတ် ဖြစ်တည်လာခဲ့လေသည်။ ရှုကျင်းကိုယ်တိုင်ကလည်း အဖြေမရှာနိုင်ခဲ့ဘဲ တစ်စုံတစ်ရာကိုသာ ခပ်ရေးရေးမျှော်လင့်နေခဲ့မိ၏။

ဤသို့ဖြင့် ထိုအချိန်မှစ၍ သူ၏လိုအင်ဆန္ဒများက အရူးအမူး ထိုးထောင်ထွက်ပေါ်လာခဲ့လေသည်။

ရှန့်ရှင်းဟယ်အား တွေးမိစဥ်တိုင်း အတန်းဖော်များနှင့် ကစားကွင်း၌ ပြေးလွှားခြင်း၊ ရေကူးကန်၌ ရေကူးခြင်း၊ ခွေးကျောင်းခြင်း၊ စာလေ့လာခြင်း၊ အစမ်းစာမေးပွဲမေးခွန်းလွှာများကို တစ်ရွက်ပြီးတစ်ရွက်ဖြေကြည့်ခြင်းစသည်ဖြင့် အာရုံလွှဲကာ နံဘေး၌ ရှန့်ရှင်းဟယ်ရှိမနေသည့်နေ့ရက်များ၌ ပို၍ကောင်းမွန်သောလူတစ်ဦးဖြစ်လာစေရန် တတ်စွမ်းသမျှ ကြိုးပမ်းလေ၏။

ဆယ်ကျော်သက်အားအင်များကို အပြည့်အဝအသုံးချရင်း ရှုကျင်းသည်လည်း အထိအခိုက်မခံနိုင်သည့် သူဌေးသားဘဝမှသည် ကိုယ်စွမ်းဉာဏထက်သန်သည့်အရွယ်သို့  အလျင်အမြန် ရောက်ရှိလာခဲ့ချေပြီ။ အရပ်ရှည်ထွက်လာပြီး တောင့်တင်းသည့် ပခုံးသားများ၊ သန်မာသည့်ကျောရိုးများက နေရာတကျထွားကျိုင်းလာခဲ့၏။

ရှန့်ရှင်းဟယ်သည်လည်း ကောလိပ်မှ ပြန်လာချိန်သိပ်မရ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မျှခြေညီရှင်သန်လျက် အားတင်းကာ နောက်ပြန်ဆုတ်မည်ကြံရွယ်တိုင်း ရှေ့တစ်လှမ်းတိုး၍ ကြိုးပမ်းခဲ့လေသည်။

Please Don't See Me [Mm Transl. || Completed]Where stories live. Discover now