Chapter - 23

3.8K 410 19
                                    

Unicode

အပိုင်း ၂၃။ ရွေးချယ်မှု

နယ်စပ်မှကျူးကျော်သူများကို တိုက်ထုတ်ဖို့အတွက် စစ်ချီတက်သွားသည့် မင်းသားဝမ်ကို ရှောင်းကျန့်က အိမ်တော်တံခါးဝမှ ရပ်ကြည့်နေ၏။ ညှိုးငယ်နေသည့် မျက်နှာလေးက ရင်ထဲက ခံစားချက်များ ထင်ဟပ်နေသယောင်။ မင်းသားဝမ် သူ့မြင်ကွင်းထဲက ပျောက်သွားသည်အထိ ရပ်ကြည့်နေသည့် ရှောင်းကျန့်ကို မင်းသားဝမ်တွင်တိုက်ပွဲအတွေ့အကြုံများစွာရှိသည် ဆိုသည့်အချက်က မဖြေသိမ့်နိုင်ပုံပါပဲ။ ဤသို့ဖြစ်စေခဲ့သည့် ရှောင်းမင်းကြီးအကြောင်းတွေးမိတော့ သူ့မျက်ခုံးများက အလိုလိုကို တွန့်ချိုးသွားတော့သည်။ သူသေချာပေါက် ဤအချိန်က တိုက်လို့ကောင်းသည့်အခြေအနေမဟုတ်သေးဘူး ဟု ပြောခဲ့သည်လေ။ ဘာလို့များ ရုတ်တရက်ကြီး တိုက်ပွဲစခဲ့ရတာလဲ။

များလှစွာသောအတွေးတို့၏ဖိအားက ရှောင်းကျန့်၏စိတ်ကို ပိုမိုလေးလံစေ၏။ ယနေ့မှပဲ ကောင်းကင်ကြီးက မှိုင်းအုံ့နေသည်မှာ မကြာခင်မှာပင် သည်းကြီးမည်းကြီး မိုးရွာတော့မယောင်။ ဆောင်းရာသီဖြစ်သည့်အလျောက် နေ့ခင်းအချိန်သို့ရောက်နေပြီဖြစ်တာကြောင့် တိုက်ခတ်နေသည့် လေများက အလွန်ပင်အေးစိမ့်နေ၏။ အိပ်ဆောင်သို့ပြန်နေသည့်ရှောင်းကျန့်က သူတောင်ဤမျှလောက်အအေးဒဏ်ကိုခံစားရနေသည်မို့ မြင်းနှင့်ခရီးနှင်နေရသည့်မင်းသားဝမ်ကို စိုးရိမ်မိသွားရသည်။ သူသိသမျှ မှတ်သမျှ ဘုရားစာတွေကို ရွတ်ဆိုလို့ မင်းသားဝမ်အတွက် ဆုတောင်းနေမိသည်မှာ မင်းသားဝမ် စစ်တိုက်ထွက်ရတော့မည့်ကိစ္စကို စသိသည့်နေ့ကတည်းကပင်။

အခန်းထဲသို့ ရောက်လာသည့်အခါ လေထုအအေးချိန်က သိသိသာသာ ကျဆင်းသွား၏။ မင်းသားဝမ်မရှိသည့်အခန်းက အလွန်ကို အထီးကျန်စဖွယ်ကောင်းလှသည်။ ညစ်ညူးနေသည့်စိတ်ကြောင့် ရှောင်းကျန့်မှာ မည်သည်ကိုမှ လုပ်ဆောင်ချင်စိတ်ရှိမနေဘဲ အားအင်ဖျော့တော့စွာ နံရံကိုမှီ၍ ထိုင်ချလိုက်၏။ ဒူးများ​ကို ကွေးညွတ်၍ လက်နှစ်ဖက်ဖြင့်ထွေးပိုက်ထားပြီး ခေါင်းငိုက်စိုက်ချမိသည့်အခါ ရင်ထဲမှပူဆွေးမှုများက မျက်ရည်များအဖြစ် မျက်ဝန်းထဲမှ တသွင်သွင် စီးကျလာသည်။ နှာဖျားများရဲတက်လာသည်အထိငိုသည့်ရှောင်းကျန့်က စိတ်ပျော့လွန်းသည့် သူ့ကိုယ်သူအပြစ်တင်သည်။

Forced to Woo Prince Wang ⟪Completed⟫Tahanan ng mga kuwento. Tumuklas ngayon