CHP - 2.1

910 208 1
                                    

UNICODE

အပိုင်း (.)

မိုးက ရုတ်ခြည်း တိတ်သွားပြီ။

ဆာတိုးရီမှာ တိုက်ခန်းဟူသည် သေတ္တာပုံးငယ်များ တစ်ခုပေါ်တစ်ခု ထပ်ဆင့်ဆင့်ထားသည့်အရာဖြစ်နေကြောင်း တွေးမိသည်။ ထို့အပြင် ထိုသို့သောသေတ္တာထဲတွင် လူအများနေထိုင်နေကြသည်က ထူးခြားဆန်းပြားနေကြောင်းလည်း စဥ်းစားမိ၏။ ထို့အပြင် ဆိုးစုခဲ၏အိမ်သည်လည်း ထိုသေတ္တာပုံးအဆောက်အအုံထဲတွင် ရှိနေသည်တဲ့လေ။

"... ဟေ့ ပါးစပ်ထဲ ယင်ကောင်ဝင်ဥသွားဦးမယ်"

ဆာတိုးရီသည် တိုက်ခန်းအား ပါးစပ်အဟောင်းသားနှင့် တမေ့တမောငေးကြည့်နေခြင်းပင်။ ဆိုးစုခဲပြောလိုက်သည်နှင့် ချက်ချင်း နှုတ်ခမ်းပြန်စေ့ကာ ရှေ့သို့ဆက်လျှောက်သွားသူအနောက်သို့ တကောက်ကောက်လိုက်သွား၏။

"မိုက်-မိုက်လိုက်တာနော်.. မင်းက ဒီလိုနေရာမျိုးမှာ နေတာပဲနော် ဆိုးစုခဲ"

(အဲ့ဒါ ရိုးရိုးတိုက်ခန်းလေးပဲကို။ ဘာမိုက်စရာရှိလို့လဲ?)

"ဟေ့ ဒီဘက်"

ရှည်မျောမျောသတ္တာပုံစံမျိုးရှိသည့်အရာဝတ္ထုထဲ ဝင်သွားကြပြီးနောက် ဆိုးစုခဲက ဝင်ပေါက်အနီးရှိ ခလုတ်အား နှိပ်လိုက်၏။ သေတ္တာကြီးက အထက်သို့ စတက်သွားသည်နှင့် ဆာတိုးရီခမျာ သွေးလေချောက်ချားသွားရသည်။

"ဆိုး-ဆိုး-ဆိုးစုခဲ.. သေတ္တာကြီးက အပေါ်ကို တက်နေပါလား"

ဆာတိုးရီခမျာ မကြာမီ အောက်ပြုတ်တော့မည့်အတိုင်း ကြောက်လန့်တကြားဖြစ်နေစဥ် ဆိုးစုခဲမှာတော့ သူ့အား လူထူးလူဆန်းသဖွယ် ကြည့်နေတော့၏။

"အေးလေ အပေါ်တက်သွားမှာပေါ့.. ငါ ခလုတ်နှိပ်လိုက်တဲ့ဟာကို"

(အဲ့ဒါလည်း ဟာသတစ်မျိုးပဲလား? ရိုးရိုးဓာတ်လှေကားလေးပဲကို.. ဒီခေတ်ထဲမှာ ဓာတ်လှေကားမစီးဖူးတဲ့လူတော့ ရှိလောက်မယ်မထင်ဘူး.. ဓာတ်လှေကားတံခါးပွင့်တာနဲ့ ကင်မရာနဲ့စောင့်နေကြမှာမျိုးတော့ မဟုတ်ပါဘူးနော်?)

"ကျွန်-ကျွန်တော် မအံ့ဩပါဘူး! အဆင်ပြေသွားပြီ!"

ဆာတိုးရီက ဤသို့ လူစွမ်းကောင်းသဖွယ် ပြောပြီးသည်နှင့် ဆိုးစုခဲလည်း '..ဟုတ်လား?'ဟုသာ ပြန်တုံ့ပြန်နိုင်တော့သည်။ ဆာတိုးရီမှာတော့ စိတ်အေးအေးထားရန် ဘာသာနှစ်သိမ့်နေမိ၏။ တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားလေးကိုလည်း အရှိန်နည်းနည်းလျှော့ပါရန် တိုးတိတ်တောင်းဆိုနေရ၏။ ဤနည်းနှင့်သာဆိုလျှင် ဆိုးစုခဲ သူ့အား ငကြောင်ဟု ထင်ကုန်တော့မည်။ ဓာတ်လှေကားရပ်တန့်သွားပြီး ရှေ့တံခါးက ပွင့်ထွက်သွား၏။ ဆာတိုးရီမှာ နောက်တစ်ကြိမ် မျက်လုံးများပြူးကျယ်သွားရပြန်သည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now