"ဖုန်းမကိုင်ဘူးလား"တဂျွီဂျွီမြည်နေသောဖုန်းကို ဘုန်းလျှံမောင် လျစ်လျူရှူထားတာမို့ ရှေ့တွင်ထိုင်နေသောကိုကြီးအေးချမ်းမောင်က လှည့်မေးလာသည်။ ကိုကြီးတို့စုံတွဲနှင့် တစ်ကားတည်းစီးနေချိန် ကိုးကိုးဖုန်းခေါ်တာကို သူ ဘယ်လိုကိုင်ရပါ့မလဲ။ ကွေးကောက်ချင်နေသည့် သူစိတ်ကလေးကလည်း မကိုင်စေဖို့ တွန်းအားပေးလျက်ရှိ၏။
"သားသူငယ်ချင်းဆက်နေတာ၊ အမြင်ကတ်ကတ်လို့မကိုင်တာ ဟဲ"
"သူငယ်ချင်းရော ဟုတ်ရဲ့လားနော် ... ကောင်လေး"
ကားမောင်းနေသည့် ကိုကြီးအိမ်ထောင်ဖက် ကိုမြတ်ဟန်သာကပါ နောက်ကြည့်မှန်ကတဆင့် စနေချေပြီ။ သည်အစ်ကိုကြီးကလည်း ရုပ်ကြီးတည်သလောက် အတော်နောက်တိနောက်တောက်။
"ငါ့ညီလေး ရည်းစားရနေပြီလား၊ ကိုကြီးနဲ့ မိတ်ဆက်ပေးလေ"
"အာ..."
စကားသံဝဲဝဲနှင့် သူ့ကိုကြီး Ice ပါ ရိပ်မိလာပုံပင်။ မေးလက်စရှိတုန်း ကိုးကိုးနဲ့သူ့အကြောင်း ထုတ်ပြောပြလိုက်လျှင် ကောင်းမည်လား။ ထိုအခိုက် ဝင်လာသောစာတစ်စောင်...။
'အရေးကြီးပြောစရာရှိလို့ စိတ်မကောက်ဘဲ ဖုန်းကိုင်ပါတော့ ... တေးတေးရာ' တဲ့။ လူကိုဆူတုန်းကဆူပြီး အခုမှတေးတေးရာ လုပ်နေသည်။ ဖုန်းကိုဖြတ်ခနဲအမြန်ပိတ်ပြီး ကိုကြီးကိုပဲ အာရုံစိုက်လိုက်၏။
"ဟို ... သား နောက်ကျမှပဲအိမ်ခေါ်လာပြီး မိတ်ဆက်ပေးမယ်နော်"
"ပြောပါတယ်၊ အချစ်ရေးမှာ မြတ်ဟန်သာတို့မှန်းရင် လွဲခဲတယ် ဟာဟား"
"လျှောက်ရွှီးမနေပါနဲ့ ... Eric တို့အတွဲတုန်းက အစ်ကိုနောက်ဆုံးမှသိတာ။ ငါ့ညီလေးကလည်း အဆင်ပြေတဲ့နေ့ကျရင် ရည်းစားကိုအိမ်ခေါ်ခဲ့နော်"
ဂုဏ်ယူစွာပြောနေသော ကိုမြတ်ဟန်သာနှင့် ညီဖြစ်သူရဲ့ရည်းစားကို တွေ့ချင်နေတဲ့ကိုကြီး Ice။ ရည်းစားကို အိမ်ခေါ်ချလာပြီးမှ ကိုးကိုးမှန်းသာသိကြရင် ဘယ်လိုတုန့်ပြန်ကြမလဲမသိ။ ရင်ခုန်စရာကောင်းနေမှာပဲဟုတွေးရင်း ဘုန်းလျှံ ပြုံးနေမိ၏။