သူ ခြေတစ်ဖက်ချလိုက်တိုင်း ကတ္တရာလမ်းမ၏တုံ့ပြန်မှုကို နူးညံ့နေသယောင်။ ခန္ဓာကိုယ်ကိုတိုးတိုက်နေသော လေညင်းက ပန်းနံ့မပါသော်လည်း မွှေးပျံ့နေသယောင်။ ည၏အလင်းရောင် မသည်းမကွဲဖြစ်နေသော်လည်း မြင်နေသမျှအရာရာက လှပနေသယောင်။ လက်ထဲတွင်ကဝိုင်ပုလင်းကို တရမ်းရမ်းကိုင်လာရင်း ခြေဖွဖွလေးက ခုန်နေမိသည်ထိ ဘုန်းလျှံမောင်တစ်ယောက် သွက်လက်ပေါ့ပါးနေသည်။ရှေ့ဆို ကိုးကိုးတိုက်ခန်းရောက်ပြီ။ ဘတ်စ်စီးလာရလို့ နွမ်းနယ်တာမျိုးလည်းမရှိ၊ အိပ်ချင်ငိုက်ချင်စိတ်လည်းမရှိ။ Eric ဆိုတဲ့နိုင်ငံခြားသားကြီးက ကိုးကိုးကို စိတ်နာကျည်းတာမျိုးမရှိဘူးဆိုတာနှင့်တင် ကိုးကိုးအစား သူကစိတ်သက်သာနေပြီ။ ဒါမို့ကိုးကိုးကလည်း အမြန်ပြောပြချင်လှပြီဖြစ်၏။
တစ်ဖက်က တိုက်ခန်းတွင်စောင့်ဆိုင်းနေသော ညီမိုးလွင်သည်လည်း ဆေးပညာစာအုပ်တစ်အုပ်ကို စိတ်မပါလက်မပါဖတ်ရင်း တေးတေးကို မျှော်နေလေ၏။ အခန်းရှေ့ကမြည်လာမည့်ဘဲလ်သံကို နားစွင့်ရင်း စိတ်အာရုံက စာအုပ်တွင်မရောက်၊ မျက်လုံးကတော့ သည်စာမျက်နှာကိုပဲကြည့်နေတာ ငါးမိနစ်ထပ်မနည်းရှိပြီ။ အရှေ့ဖတ်ရင်း အနောက်ကအကြောင်းအရာကို ပြန်တွေးမရတော့ တဖန်ပြန်ဖတ်ရင်းမှ ဒီတစ်ပိုဒ်ကမတက်နိုင် လုံးချာလိုက်နေသည်။
ဒါမို့ စိတ်ပေါက်ပေါက်နှင့် စာအုပ်ကိုချပစ်ပြီး အိပ်ခန်းထဲက ထွက်ခဲ့သည်။ ညောင်းညောင်းရှိတာနှင့် ခါးကိုဟိုဖက်သည်ဖက်ချိုးလိုက်သေး၏။ နာရီကြည့်တော့ ၉နာရီထိုးလုပြီ။ တေးတေး ဘာလို့ကြာနေရတာပါလိမ့်။ အိမ်မှာစောင့်နေရင်း ဘာမှလည်းလုပ်စရာမရှိ။ တီဗွီလည်းမဖွင့်ချင်၊ ဖုန်းလည်းမသုံးချင်။ အခန်းအလယ်မှာ တစ်ယောက်တည်းမိုးတိုးမတ်တပ်။ သူ့ဘဝက သည်လောက်အားနေမှန်း အခုမှသဘောပေါက်မိသည်။
ပျင်းပျင်းရှိတော့ မျက်စိရှေ့တွေ့ရသော ရေခဲသေတ္တာကိုဖွင့်ကြည့်သည်။ ဂျိုးဂျိုးဂျောက်ဂျောက် စားစရာရှိဦးမလားရှာပေမဲ့ ဘာမှထွေထွေထူးထူးရှိမနေပါ။ ဘီယာလက်ကျန်၂ဗူးနှင့် ရေသန့်၁ကတ်ဖောက်ထည့်ထားတာသာရှိသည်။ အသင့်စားစရာဆိုတာကလည်း မြေပဲဆားလှော်တောင် အနီးစပ်ဆုံးမရှိ၊ ဝယ်ထားတာကြာသည့် အသီးအရွက်တချို့ ရှိတာပါပဲ။