ပြိုင်ဆိုင်တယ်ဆိုတဲ့ စကားလုံးကို ၃ တန်းအရွယ်မှာစပြီး သဘောပေါက်ခဲ့ဖူးတယ်။
စာမေးပွဲရလဒ်ကိုကိုင်ပြီး ထွက်လာတဲ့ ငါက အမေ့ကိုတွေ့တော့ ပြုံးပျော်ပြီး ပြေးပြဖူးတယ်။အမေက ငါ့ရလဒ်ကိုကြည့်တယ် ဘေးနားက ငါ့သူငယ်ချင်းရဲ့ ရလဒ်ကိုပါ တစ်ဆက်တည်းလှမ်းမေးတယ်။အမေ့ရဲ့အကြည့်တွေက ပြောင်းလဲသွားတယ်။စိမ်းသက်တဲ့ အကြည့်တွေမို့ ငါနားမလည်ခဲ့ဘူး။
အိမ်ကိုရောက်တော့ ငါ့ကိုလှမ်းခေါ်တယ်။
"သူက ၉၀ ကျော်ရတယ် နင်ကဘာလို့ ၈၀ ကျော်လဲ"
အဝတ်ဂျိတ်ကိုင်ထားတဲ့ အမေ့ကိုကြည့်ပြီး ငါ့မှာ ဖြေဖို့စကားမရှိခဲ့ဘူး။သူ့လောက်တောင်မလုပ်နိုင်ဘူးလားဆိုတဲ့ စကားတွေနဲ့ အမေငါ့ကိုရိုက်တယ်။သူ့မှာလဲ ခြေလက်နဲ့ ဦးနှောက်တစ်ခုဘဲပါတယ် နင့်မှာလဲ ခြေလက်နဲ့ ဦးနှောက်တစ်ခုဘဲပါတာချင်းအတူတူ နင်ကဘာလို့မလုပ်နိုင်ရတာလဲတဲ့။
ငါငိုနေရင်းနဲ့ စဥ်းစားမိတယ်။အမေက သူ့ရဲ့ ၉၀ ကျော်ရလဒ်ကိုဘဲ ဂရုစိုက်ခဲ့တာ။ငါကြိုးစားခဲ့တဲ့ အမှတ် ၈၀ ကိုတော့ အမေက မေ့နေခဲ့တယ်။
အသက်တစ်နှစ်ကြီးလာတိုင်းမှာ ငါ့ဆီမှာ ချို့ယွင်းချက်တွေပိုများလာတယ်။
သူ့လိုဘာလို့မတော်ရတာလဲ..
သူ့လိုဘာလို့မသွက်ရတာလဲ..
သူ့လိုဘာလို့ မပိန်ရတာလဲ..
သူ့လိုဘာလို့ မလှတာလဲ..
သူ့လို.. သူ့လို.. နဲ့တစ်ခြားသူရဲ့ဘဝကို အတုခိုးနိုင်ဖို့ငါကြိုးစားခဲ့ရတယ်။
ငါက ဘာလို့ ငါဖြစ်ခွင့်မရှိရတာလဲ။
တစ်ခြားသူရဲ့ အားသာချက်တွေကိုကျ သူတို့သိပြီး ငါ့ရဲ့အားသာချက်တွေကိုကျ သူတို့မေ့နေခဲ့တယ်။တစ်ခြားသူနဲ့ ယှဥ်ပြီး ငါကအသုံးမကျဘူးဆိုတဲ့ စကားတွေကို ကြားရပါ ကြာတော့ ငါကိုယ်တိုင်ပါ ငါဘယ်နေရာတွေမှာ အသုံးကျလဲ မေ့သွားခဲ့တယ်။
ငါ့ဘက်က အကောင်းဆုံးတွေလုပ်နေရင်တောင် ရလဒ်ကထင်သလိုဖြစ်မလာတဲ့အခါ ငါအသုံးမကျလို့ဆိုတာဘဲဖြစ်သွားရတယ်။