Zawgyi
ချစ်ခြင်းမေတ္တာတွေအကြောင်း ငါသေချာမသိပါဘူး ဒါပေမယ့် အဲ့ဒီ့ကောင်မလေးကတော့ ထူးထူးခြားခြား ငါ့စိတ်ထဲမှာတစ်နေ့ထက်တစ်နေ့နေရာအရမ်းယူလာတယ် တစ်နေရာကို တွေတွေလေးငေးနေရင်းနဲ့တောင် သူကအတွေးတွေထဲပေါ်လာတတ်တယ် သူပေါ်လာတိုင်းမှာလဲ စိတ်ထဲအေးချမ်းပြီးပျော်ရွှင်ရတယ် ငါ့ကိုစိတ်လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ ရပ်ဝန်းလေးတစ်ခုလိုဘဲ။
သူက အတ္တတွေမပါတဲ့ချစ်ခြင်းနဲ့ချစ်တတ်ဖို့ငါ့ကိုသင်ပေးခဲ့တယ် လူတစ်ယောက်ကိုသဘောကျမိရင် ပိုင်ဆိုင်ချင်တတ်တာ ငါ့အကျင့်ဆိုပေမယ့် သူနဲ့တွေ့မှ ငါပိုင်ချင်သမျှဟာ သူ့ပျော်ရွှင်မှုနဲ့ အပြုံးတွေဘဲဖြစ်လာတယ် အဲ့အပြုံးလေးတွေ ပျော်ရွှင်မှုတွေမြင်ရဖို့ ငါဘာမဆိုလုပ်ပေးနိုင်တဲ့ထိကို အဆင်သင့်ဖြစ်နေခဲ့တာ။
တည်ကြည်နေတတ်တဲ့ အကြည့်တွေက အေးစက်စက်နိုင်ပေမယ့် မျက်ဝန်းတွေထဲက နွေးထွေးမှုကို ငါခံစားမိတယ်။စာအုပ်တွေနဲ့ ကဗျာတွေကိုချစ်တတ်တဲ့အဲ့ကောင်မလေးက ငါ့အတွက်တော့ဖတ်မဝတဲ့ ကဗျာတစ်ပုဒ်ဖြစ်နေခဲ့တယ်။အဲ့ကဗျာလေးထဲမှာ ပိုပိုနစ်ဝင်လာတဲ့ ခံစားချက်လေးကိုလဲ သူရူးတစ်ယောက်လိုဘဲ ယစ်မူးနေမိတယ်။
ကော်ဖီခါးခါးတွေကိုစွဲလန်းတတ်ပြီး ကဗျာလှလှတွေပုံဖော်တတ်တဲ့သူ။သဘာဝရှုခင်းတွေကတော့ သူအမြဲငေးကြည့်နေတတ်တဲ့အရာတစ်ခုပေါ့။သူဖန်တီးထားတဲ့ ကမ္ဘာငယ်လေးတစ်ခုထဲ သူ့ဘာသာပျော်နေတတ်တဲ့သူ။ဆူညံသံတွေကို သူမုန်းတယ်။အချစ်ဆုံးကတော့ မုန့်တွေပေါ့။
အချစ်ကို မုန့်တစ်ထုပ်လောက်တောင် ရင်မခုန်တဲ့သူက အနားရောက်လာသူတိုင်းကို သံသယတွေနဲ့ဘဲ ငြင်းထုတ်နေကျ ထင်ပါရဲ့။ရှေ့လူတွေ ဘယ်လိုကြိုးစားခဲ့လဲ ဘယ်လိုလက်လျှော့ခဲ့လဲ ငါမသိဘူး။ငါ့အတွက်တော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့ကောင်မလေးမို့ လက်လျှော့ဖို့ဆိုတာ တွေးတောင်မတွေးကြည့်ဖူးတဲ့ကိစ္စ။
စိတ်ဓာတ်ကျနေချိန် ခိုဝင်စရာရင်ခွင်တစ်ခု…
စိတ်အားငယ်နေချိန် သူ့အရှေ့မှာရှိနေပေးမယ့် တံတိုင်း
တစ်ခု…
သူ့ဘဝရဲ့အောင်မြင်မှုတိုင်းကို ဂုဏ်ယူစွာဘဲ လက်ခုပ်တီးပေးနေမယ့် သူငယ်ချင်းတစ်ယောက်…
ဝမ်းနည်းစရာအချိန်တွေကြုံတိုင်း ရင်ဖွင့်ကာ ပြေးတိုင်လို့ရမယ့်ချစ်သူတစ်ယောက်…