စိတ်ပင်ပန်းစရာတွေများတဲ့နေ့တွေပါပဲ..
နိုးလာတယ် အလုပ်လုပ်မယ် မိုးချုပ်သွားတယ်
ဒီလိုနဲ့ပဲလည်ပတ်နေတဲ့ကြားထဲ စာလေးတစ်စောင်မြင်ရင်ကို ပြုံးသွားမိတဲ့ အခိုက်အတန့်တွေကတော့ အမောပြေစရာပေါ့။စာဖတ်ရတာကိုသဘောကျတယ်
ဒါပေမယ့် စာဖတ်ဖို့အချိန်မရှိတော့ဘူး။စာရေးရတာကိုလဲ သဘောကျတယ်
ဒါပေမယ့် စာရေးဖို့အချိန်မရှိတော့ဘူး။ရေးဖို့အချိန်တွေပေါနေလည်း စိတ်တွေက ရေးဖို့ကို အရင်လိုရွှင်မြူးမနေတော့ဘူး။ဘာကိုမှစဥ်းစားလို့မရဘူး။စာရေးရင် ဖြစ်သလို ပြီးပြီးရောမရေးချင်တဲ့ ကိုယ့်အကျင့်နဲ့ ဖတ်ရပြီးရောမလုပ်ချင်တာကြောင့် နှစ်တွေအထိအချိန်ကြာလာတယ်။
အရင်အချိန်တွေပြန်လိုချင်တယ်။အရင်တုန်းက ခံစားချက်တွေပြန်ရချင်တယ်။
ညဘက်တွေမှာ တစ်ယောက်တည်း "တောင်းပန်ပါတယ်" ဆိုတဲ့ စကားကိုတဖွဖွရွတ်ရင်း နားကိုပိတ်ထားရင်း စိတ်ပင်ပန်းမှုတွေထဲ အခါခါသေတယ်။
ဘယ်နေရာမဆို မှားမှားမမှားမှား တောင်းပန်ပါတယ်ကို ငါ့ဘက်ကအမြဲစပြောလေ့ရှိတာ ဘယ်အရာကိုမှမဆုံးရှုံးသွားချင်လို့ပါ။တောင်းပန်ရင်ပြေလည်မဲ့ ကိစ္စတွေကို မာနတွေထားရင်း တင်းမာရင်းက ပြတ်ထွက်သွားတဲ့ကြိုးတွေကို ငါမျက်စိရှေ့မြင်ခဲ့ပြီးပြီ။
ငါ့ကိုတွယ်နှောင်ထားတဲ့ကြိုးတွေကတော့ နည်းပါတယ်။ဒါတွေက အသက်ကြိုးတွေလိုပဲ။ငါ့ဘဝကိုရှင်သန်နေတယ်လို့ ခံစားရအောင်လုပ်ပေးနိုင်သူတွေမို့လေ မဆုံးရှုံးချင်ဘူး။
ဆုတောင်းတွေသာပြည့်ခွင့်ရရင်လေ အိပ်မက်တွေသာဖြစ်နိုင်ခဲ့ရင်ပေါ့။
နွေးထွေးတဲ့ဒီလက်လေးကို အမြဲဆုပ်ကိုင်သွားချင်တယ်။မာနတွေမရှိတဲ့ဝန်းကျင်မှာကြီးပြင်းချင်တယ်။ဝေဖန်ကဲ့ရဲ့ခြင်းတွေအစား လေတိုးသံတွေ ပိုနားထောင်လို့ရမဲ့ ရပ်ဝန်းတစ်ခုမှာနေချင်တယ်။
ကြိုးစားနေတာတွေ ပင်ပန်းရတာတွေအတွက်ကို ငါပြုံးနိုင်ပါတယ်။ငါလုပ်နေတာတွေက ချစ်သောအတွက်ပဲ။ငါ့လိုမဟုတ်ပဲ ငါ့လိုမနေရပဲ ပျော်ရွှင်အေးချမ်းတဲ့ရပ်ဝန်းလေးတစ်ခုကို ဖန်တီးပေးချင်မိတယ်။