တစ်ဖက်ကမ်းက မြို့အဝင်တံခါးရှေ့တွင် ရဲမက်အချို့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို အဝေးကပင်လှမ်းမြင်နေရသည်။ လက်စွဲတော်ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း လျှောက်လမ်းလာသည့် သူ့ကို မြင်သောအခါ မြို့ရိုးထက်က သူရဲခိုပေါ်တွင်ရှိနေသော စောလှဟာ ပြေးဆင်းလာပြီး ကြိုသည်။
" အရှင့်သား ဘယ်နေရာတွေများ ထိခိုက်ထားသလဲဘုရား "
" ကိုယ်တော် အဆင်ပြေပါတယ်စောလှ တောပုန်းတွေရော ဖမ်းဆီးမိရဲ့လား "
" ခေါင်းဆောင်ကတော့ အဆုံးစီရင်သွားပါတယ်ဘုရား ငယ်သားတွေကို ထောင်သွင်းထားပါတယ် "
" ကောင်းပြီ မြို့တော်ကိုပြန်ကြစို့ "
မိန့်ဆိုပြီးသည်နှင့် အနောက်မှာကျန်ရစ်နေခဲ့သည့် တစ်ဖက်ကမ်းကို လှမ်းမျှော်ကြည့်မိသည်။ စစ်ပွဲတွေ တိုက်ပွဲတွေ ဆင်နွှဲကာရခဲ့သည့် ဒဏ်ရာတွေဟာ ယခုလက်မောင်းမှာရှိနေသည့် ဒဏ်ရာလောက် မပြင်းထန်ခဲ့ဘူးထင်သည်။ အရင်တုန်းက နာကျင်မှုရယ်လို့မခံစားခဲ့မိပေမယ့် သည်ဒဏ်ရာကတော့ တဆစ်ဆစ် ကိုက်ခဲနေသည်ဟု ထင်မိသည်။
နန်းစဥ်ပတ္တမြားလက်စွပ်ကို ဘယ်လိုများအသုံးချမလဲ တွေးနေမည့်သူကို မှန်းဆမိသည်။ အမြဲစေ့ထားသည့်နှုတ်ခမ်းပါးဟာ ပြုံးယောင်ပင်သန်းလာသလိုလို။" အရှင့်သား ရထားလုံးပြင်ပေးရမလားဘုရား "
" စီးတော်မြင်းကိုသာ ယူခဲ့ချေ "
မြင်းကို ဒုန်းစိုင်းနှင်ရင်း မြို့တော်ဆီကို ဦးတည်ခဲ့သည်။ သုံးရက်မျှအချိန်နှင့်ပင် နန်းတော်ဆီကို ရောက်ရှိလာသည်။ အဆောင်တော်သို့ အရင်သွားကာ ကိုယ်လက်သန့်စင်ပြီး လက်မောင်းမှဒဏ်ရာကို ဆေးထည့်ဖို့ပြင်သည်။ စောလှခေါ်ဆောင်လာသည့် တော်ဝင်နန်းသုံး သမားတော်ကြီးဟာ စည်းနှောင်ထားသည့် အဝတ်စကို ဖြည်ပြီး အနာကိုသန့်စင်သည်။ အနားမှာရပ်နေသည့် အထိန်းတော်ကြီးက သွေးစတွေပေရေနေသည့် အဝတ်ကို လွှင့်ပစ်ရန်ပြုသည့်အခိုက် ဟန့်တားလိုက်မိသည်။
" အထိန်းတော်ကြီး အဲ့သည်အဝတ်စကို သေချာလျှော်ဖွပ်ပြီး သိမ်းထားလိုက် "
BẠN ĐANG ĐỌC
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Tiểu thuyết Lịch sửအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု