နဒီဝဠာတိုင်း၏ နန်းတော်အတွင်း နေရာတစ်ခုဝယ် လူရွယ်တစ်ယောက် ဦးဆောင်လျက် အချီတော် အချော့တော် ရံရွေတော်တို့ နန်းဆောင်အနှံ့ဖြန့်ကျက်ကာ တစ်စုံတရာကို လိုက်ရှာလို့နေပေသည်။
ထဘီအနားစပင် မ မနိုင်ပါဘဲ အလောတကြီးပြေးလာလေသော မိန်းမပျိုက. လူရွယ်ရှိရာသို့လာရင်း နှုတ်မှလည်း အော်ပြောလိုက်သည်။
" အကြီးတော်... အရှင့်သား မြစ်ဆိပ်ဘက် ထွက်သွားတာကို မြင်လိုက်တဲ့သူ ရှိပါတယ်တဲ့.... "
" ဘာ.... မြစ်ဆိပ် မြန် မြန်... မြန်မြန် နောက်ကလိုက်ကြစမ်းပါ "
မိန်းမပျို၏စကားသံကြောင့် အကုန်လုံးပင် ထိတ်လန့်သွားကာ မြစ်ကမ်းဘက်ဆီသို့ တဟုန်ထိုးပြေးသွားကြတော့သည်။ မပြေးလို့လည်း မဖြစ်ချေ။ အရှင့်သားကလေး တစ်စုံတရာထိခိုက်သွားပါက မိမိတို့ အသက်နဲ့ကိုယ် အိုးစားကွဲပေလိမ့်မည်။ အလွန်တရာ အဆော့မက်ပါသည့် အိမ်ရှေ့စံကလေးသည် အရှင်ဒတ္ထမင်း၏ တစ်ဦးတည်းသော နန်းဆက်ရင်သွေး ။
မြစ်ဆိပ်သို့ရောက်လျှင်ရောက်ချင်း ဝါးတံတစ်ချောင်းဖြင့် ငါးမျှားနေလေသော အရှင့်သားကို တွေ့လိုက်ကြရသည်။ အနားတွင်လည်း ရွယ်တူကလေးများ ပတ်ချာဝိုင်းနေသည်။
" အရှင့်သား အရှင့်သား ငါးဟပ်နေပြီ ငါးဟပ်နေပြီ ဆွဲလိုက်တော့ဘုရာ့ "
အရှင့်သားအပါးတွင် ခစားနေကျ ငယ်ကျွန် စောလှက လောဆော်နေသည်။ အဝေးကမြင်နေရသည့် အကြီးတော်မှာ အူလျားဖာလျားပြေးလာကာ အိမ်ရှေ့စံလေးကို ပွေ့ချီလိုက်ရသည်။
" အကြီးတော်ကြီး လွှတ်စမ်းပါ ဟိုမှာ ကိုယ်တော် ဖမ်းမိတော့မယ် "
၆နှစ်အရွယ် အိမ်ရှေ့စံလေးဟာ အကြီးတော်၏ရင်ခွင်ထဲတွင် ရုန်းကန်လျက် အော်ဟစ်နေသည်။ဝါးတံလေးကိုကိုင်ထားသည့် စောလှလေးကမူ အကြီးတော်၏စူးစူးရဲရဲအကြည့်ကြောင့် ခေါင်းကိုငုံ့ထားရှာသည်။
" စောလှကို အပြစ်တင်နေစရာမလိုဘူး အကြီးတော် .... "
" အရှင့်သား ဘေးအန္တရာယ်မရှိအောင် စောင့်ရှောက်ရမှာ သူ့တာဝန်ပါဘုရား "
ŞİMDİ OKUDUĞUN
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Tarihi Kurguအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု