ဓားချွန်ဖြင့် ဝါးကို အချောသပ်နေသည့် တရှပ်ရှပ် အသံတွေသာ အဆောင်တော်ထဲ ကြားနေရသည့်အခိုက် အခြား ယာယီနန်းဆောင်များတွင်မူ အပျိုတော်တွေဟာ ဖီးလိမ်းပြင်ဆင် နေကြသလို လူပျိုတော်သားတို့သည်လည်း ယောင်ထုံးကို ကျော့အောင် ထုံးလို့နေကြသည်။ အိမ်ရှေ့စံ အဆောင်တော်တွင်မူ မျက်နှာထားတင်းတင်းဖြင့် ထိုင်နေလေသော ကိုယ်တော်ကြောင့် မည်သူမှ မလှုပ်ရဲကြချေ။ ငယ်ကျွန်ဖြစ်သော ကိုယ်ရံတော် စောလှကသာ အနားတွင် ခစားလာရင်း မီးပုံးတစ်ခုကို ဆက်သလာသည်။
" ပွဲတော် ကျင်းပချိန် နီးပါပြီဘုရား "
သူရနရာဇ် တစ်ချက် လှမ်းကြည့်လိုက်တော့ ထိုမီးပုံးကို သတိထားမိလိုက်သည်။ နေ့ခင်းက သိင်္ဂလက်ထဲတွင် ရှိနေသည့် မီးပုံးမဟုတ်ပါလား ။
" ဒီဟာက "
" အရှင် သိင်္ဂ ဆက်သလိုက်တာပါ ဘုရား "
မီးပုံးကို လှမ်းယူလိုက်ရင်း လူကပြုံးမိသွားသည်။ အဲ့သည်တော့ ကိုယ်တော့်အတွက် မီးပုံးသွားလုပ်ပေးနေခဲ့တာပေါ့ သိင်္ဂ. ။ သည်ကိုယ်တော်ကတော့ ပျော်ပါးဆော့ကစားနေသည်ထင်ပြီး အမျက်ထွက်လိုက်ရတာ ။ မီးပုံးကို ကောက်ယူကာ နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။ မီးပုံးတွေ လုပ်ရန်စေခိုင်းထားသည့် နေရာဆီရောက်တော့ ယခုထက်ထိ ဝါးတွေကို အချောသပ်နေဆဲ ဖြစ်သည့် သိင်္ဂကို တွေ့လိုက်ရသည်။ အနားတွင်လည်း စုပုံနေသော မီးပုံးတွေဟာ အများသား ။
" ရပ်လိုက်တော့ သည်လောက်ဆို လုံလောက်ပြီ "
လက်ထဲမှ ဓားကို ချလိုက်သည့်အချိန် ရဲရဲနီစပြုနေသော လက်ဖဝါးကို မြင်လိုက်ရသည့်အခိုက် ချက်ချင်းပင် အရှေ့ကို တိုးသွားမိသည်။
" ဒါက ဘယ်လို ဖြစ်ရတာလဲ "
" ဝါးရှတာပါ ဘုရား ကျွန်တော်မျိုးက မီးပုံးလုပ်တတ်သူမဟုတ်လေတော့ အဆင်မချောရခြင်းပါ "
မျက်လွှာချကာ ခပ်တိုးတိုးလျှောက်တင်နေသူကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူကို ဘယ်လို အလုပ်တွေများ ခိုင်းလိုက်ရသလဲ ။ မထိမခိုက်စေလို၍ အနားတွင် ခေါ်ကာ ထိုင်ကြည့်နေခဲ့သည်မဟုတ်ပါလား ။ ယခုတော့ ရဲရဲနီနေသည့် လက်ဖဝါးကို ဆုပ်ကိုင်ရင်း ရင်နာရတော့သည်။
YOU ARE READING
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historical Fictionအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု