အသက်ရှူသံအချို့မှအပ မည်သည့်အသံကိုမှမကြားရလေဘဲ တိတ်ဆိတ်နေသော ခန်းမဆောင်အတွင်းဝယ် ဒူးတုပ်ခစားလျက်ရှိသော မှူးကြီးမတ်ကြီးများသည်စကားတစ်ခွန်းမျှမဆိုကြဘဲ ငြိမ်သက်နေကြသည်။ ပုလ္လင်တော်ရှေ့တည့်တည့်တွင်မူ ဒူးထောက်လျက်ရှိသော အိမ်ရှေ့စံ ယုဒ္ဓ ရှိလေသည်။ ဘုရင်မင်းမြတ်ထံမှ ပျံဝဲလွင့်လာသော ပေလွှာတစ်ရွက်သည် အိမ်ရှေ့စံရှေ့မှောက်သို့ ရောက်ရှိသွားသည်။
" ထိမ်းမြားသည့်ညမှာ ကြင်ယာတော်ဆီမသွားဘဲ ကချေသည်နဲ့ပျော်ပါးနေခဲ့သည်တဲ့လား ယုဒ္ဓ. ခေါင်းမော့စမ်း "
ဘုရင်ကြီး၏ဒေါသသံကြောင့် တိတ်ဆိတ်နေသော ခန်းမဟာ အပ်ကျသံကြားရလောက်သည်အထိ ငြိမ်သက်နေရာမှ သက်ပြင်းရှိုက်သံတွေပါ ပေါ်ထွက်လာသည်။
" အဲ့ဒီ သိမ်သိမ်မွေ့မွေ့ မင်းသမီးလေးကို သားတော် သဘောမတွေ့ဘူး ဘုရား သားတော်က ကြမ်းကြမ်းရမ်းရမ်းတွေကိုမှ နှစ်ခြိုက်တာ "
နေ့ခင်းပင်ဖြစ်သော်ငြား ယစ်ရွှေရည်သောက်ထားပြီဖြစ်သော အိမ်ရှေ့စံဟာ ခပ်ထွေထွေဖြင့် လျှောက်တင်လာသည်။ မျက်နှာတော်ပင်နီမြန်းလာသည်အထိ ဒေါသထွက်နေသော မင်းမြတ်ဟာ ချက်ချင်းပင် အမိန့်ထုတ်လိုက်တော့သည်။
" အခုချိန်ကစပြီး မင်းသား ယုဒ္ဓ ကို အိမ်ရှေ့စံနေရာကနေ ပယ်ရှားလိုက်ပြီ ကြင်ယာတော်မင်းသမီးဟာလည်း နန်းတော်အတွင်း ပြောင်းရွှေ့စံမြန်းစေ "
အိမ်ရှေ့စံဟာ အမိန့်တော်ကို မကြားသလိုပြုမူရင်း ညီလာခံအပြီးမသတ်ခင်မှာပင် အပြင်သို့ ထွက်သွားသည်။ စောင့်ဆိုင်းနေသည့် အထိန်းတော် ကိုယ်ရံတော်များနှင့်အတူ နန်းတော်အတွင်းမှ ထွက်ရန် လျှောက်လှမ်းလာစဥ် အနောက်ဆောင်တော်မှ ထွက်လာသော မုဒြာမင်းသမီးနှင့် ဆုံမိသည်။
" အခြွေရံတွေ ဝေးဝေးသွားစမ်း "
နှစ်ဘက်စလုံးမှ အခြွေအရံတို့မှာ ဝါးတစ်ရိုက်အကွာလောက်အထိ နောက်ဆုတ်ကာ ရှောင်ဖယ်ပေးလိုက်ကြသည်။ ထိုအခိုက်မှာပင် အဝေးကနေကြားရလောက်သည်အထိ ကျယ်လောင်သော ရိုက်သံတစ်ခုပေါ်လာသည်။
YOU ARE READING
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historical Fictionအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု