Part 22.Z

8.7K 330 11
                                    

'' သမီးလေး ထမင်းလေးတော့ စားပါအုံးကွယ်... ''

'' မစားဘူး ၊ အစ်ကိုကြီးက ဟိုဟာမကြောင့် သမီးကို ပါးရိုက်တယ်တဲ့၊ အဲ့ဟာမကြောင့် အစ်ကိုကြီးက သမီးကို မချစ်တော့ဘူး အီးဟီးး....''

ဒေါ်ခင်တင့်မှာ သမီးငယ်ရဲ့ စကားကြောင့် ဒေါသစိတ်တို့ ခက်ထန်လာရ၏။ ကွမ်းတောင်ပန်းတောင်ကိုင် အလှလေးကို ချွေးမတော်လိုက်ရလို့ ပျော်နေမိသည့် စိတ်အစဉ်သည်လဲ ပျောက်ဆုံးသွားရပြီ။ အဆင်းသာ ရှိပြီး အချင်းမရှိသည့် မိန်းကလေးဖြစ်နေကာ ရုပ်အလှလေးသာရှိပြီး ထမင်းဟင်းလဲ ကျွမ်းကျင်အောင် မချက်ပြုတ်တတ်။

ဒီ့အတွတ် အစက အပြစ်မဆိုမိသော်လည်း မနေ့က ဝက်သားဟင်း ချက်ထားတာ တူးနံ့တောင် ထွက်နေတာမို့ သမီးငယ်က အေးမြကို ဟင်းလဲခုထိ ကျွမ်းကျင်အောင် မချက်တတ်ဘူးလား လို့ အငယ်သဘာဝအရ ပြောလိုက်သည်ကို နင်ရော ချက်တတ်ရဲ့လားနဲ့ စကားများကြသည်တဲ့။ ဒါကို သူ့ညီမအား အရမ်းချစ်တဲ့ သားထွန်းလူက သူ့ညီမငယ် ပါးအား ရိုက်ပစ်လိုက်သည်တဲ့လေ။ စပါးကြိတ်ခ အကြွေးသွားတောင်းနေသည့် ဒေါ်ခင်တင့်တို့လင်မယား အိမ်ပြန်လာတော့ သမီးငယ်က ငိုယိုပြီး တိုင်တန်းလေ၏။

သမီးငယ် ပါးတစ်ဖက်မှာ လက်ဝါးအရာထင်းနေလို့သာ ဒေါ်ခင်တင့်တို့လင်မယား ယုံလိုက်ရလေသည်။ ဘာလို့ ကိုယ့်ညီမလေးကို လက်ပါတာလဲ မေးဖို့လုပ်တော့ ငူငူငိုင်ငိုင်ကြီးဖြင့် အရင်ကနဲ့မတူ သည့် သားကြောင့် သူမတို့လင်မယား သက်ပြင်းချရပြန်၏။ အရင်လို အရကျသောကျ၊ဖဲရျိုကျ ၊ကြက်တိုက်နဲ့ ဟေးလားဝါးလား နေသည့် ထွန်းလူကမှ ခုထက်တော်နေသေးသည်ဟု ေဒါ်ခင်တင့် ထင်မိလေသည်။

ချွေးမကလဲ သူမတို့ဆူတောင်မဆူရသေး၊ သူ့အမေအိမ် ပြန်မယ်ဆိုပြီး ပြန်သွားလေရဲ့၊ မပြတ်နိုင်တဲ့ သားတော်မောင်က သူ့မိန်းမကို ပြန်ခေါ်ဖို့ နောက်ကလိုက်သွားလေပြီ။ အိမ်ပေါ်က ဆင်းမယ်ဆိုလဲ မနေ့ကထဲက ဆင်းပါ့လား၊ဘယ်နှယ့်ကြောင့် ခုမနက်မှ ဆင်းသွားရသည်လဲ မသိချေ။

မနေ့ကထဲက ငိုပဲငိုနေပြီး ခုမနက်ထိ ဘာကျွေးကျွေး မစားသည့် သမီးငယ်ကြောင့် ဒေါ်ခင်တင့်မှာ ရင်တွေထူပူနေရသည်။ ပိုးလိုဥပြီး မွေးထားတဲ့ သမီးအငယ်လေးမို့ မျက်ရည်မပြောနဲ့၊ မျက်မှာတစ်ချက် မှိုင်တွေသွားမှာကိုပင် သူမ မလိုလားပါချေ။ ချွေးမကြောင့် ခုလိုဖြစ်ရတာမို့ သူမ အေးမြအား ဘယ်လိုမှအမြင်ကြည်မှုမရှိတော့ပေ။ သားကရော ဘာကြောင့် အခြားလူတစ်ယောက်လို ပြောင်းလဲ သွားရသည်လဲ၊ မ ဖက်လိုက်တော့ မိုက်ဘက်ပါသွားသည်ဟု ထင်မိလေသည်။

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) Où les histoires vivent. Découvrez maintenant