ကျွန်တော်တို့ ဇာတ်ကောင် ''လွီဇာဒီမဲလိုး'' ကို အနီးကပ် လေ့လာကြည့်ရအောင်။ သမိုင်းကြောင်းအချက်အလက်တွေကို ဘေးဖယ်ထားပြီး ဇာတ်လမ်း၊ စာရေးသူ ရေးတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင် ကိုပဲ ကြည့်ရအောင်။ သမိုင်းထဲက အကြောင်းအရာတွေက အမှန် ဟုတ်ချင်မှလဲ ဟုတ်မယ်။ ဝတ္ထု အနေနဲ့ ခံစားပြီး ဖတ်ကြည့်ရအောင်။
ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင် ''လွီ'' နဲ့ ချိတ်ဆက်ပြီး အကြောင်းအရာအဖြစ်အပျက် အားလုံးကို ဆွဲခေါ်သွားတာကို တွေ့ရတယ်။ ဖာသာ နာရေနီ နဲ့ လက်ျာဗိုလ် တို့ အတွဲ ချစ်ကြိုက်တာကို ဖော်ပြတာမျိုး၊ ဂမုန်းက မောင်သာလှ ကို သဘောကျနေတာမျိုး သေးသေးလေးတွေကို တောင် 'လွီ' ကို ချိတ်ပြီး စာရေးသူ ပြောပြသွားတဲ့ Storyက သိပ် သဘောကျစရာကောင်းတယ်။
စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တွေ အကုန်နီးပါးကို တစ်နည်းမဟုတ် တစ်နည်းချိတ်ဆက်ပေးထားတယ်။ ချိတ် အကုန်နီးပါးကလဲ 'လွီ' ဆီကို ဒါမှ မဟုတ် 'လွီ' ကနေတဆင့် ဆက်သွယ်ထားတယ်။ အင်းဝ၊ ဟံသာဝတီ မှာဖြစ်ပျက်သမျှက 'လွီ' နဲ့ ကင်းလွတ်ခြင်းမရှိအောင်ကို စာရေးသူက ဖန်တီးပြီး တည်ဆောက်ထားတယ်။ ထိပ်ဆုံး အဆင့် ဘုရင်က နေ အောက်ဆုံး က ထောင်ဝန်ထမ်းအထိ၊ မဟာဆီမဟာသွေးပါတဲ့ မင်းသမီးကြီး ကနေ ပြည့်တန်ဆာ မိန်းကလေး အထိ သူမ နဲ့ ဆက်စပ်ပေးထားတယ်။
Character Developmentကို လေ့လာမယ်ဆို နမူနာစာအုပ် ကောင်းတစ်အုပ်ပါ။ ရှေ့မှာ ထွက်ပြီးတဲ့ TGOY နဲ့ TGFMထက် ပိုပြီး ကြိုက်နှစ်သက်တဲ့ စာအုပ်ဆို မမှားပါဘူး။ ကိုယ်တိုင်ကလဲ သမိုင်းကြောင်းကို နှစ်သက် သဘောကျတဲ့ သူမို့လဲ ဖြစ်တာမို့ပါ။ ဓါးတွေ၊ လှံတွေ၊ မြင်းတွေ၊ ဆင် တွေ နဲ့ တိုက်ကြတာကို သဘောတွေ့တယ်။ စိတ်ကူးယဥ်လို့ ကောင်းတဲ့ အကြောင်းအရာတွေပေါ့။ ဆင် တွေ သုံးပြီး စစ်တိုက်တာ အာရှ မှာပဲရှိတယ်။ စစ်ပွဲ တွေ အကြီးကြီးတွေ မျှော်လင့်ထားပေမယ့် ဒီစာအုပ်က မိန်းကလေး တစ်ယောက် အကြောင်းလေ။
အင်းဝ သူ ပေါ်တူဂီမလေး ''လွီဇာဒီမဲလိုး'' မှာပေါ်တူဂီ မြေကို ပြန်ရဖို့ အတွက် အိမ်မက်တစ်ခုရှိတယ်။ သို့သော် သူခေါ်သွားမယ့် သူတွေကို ပြန်ကြည့်ရင် အင်းဝ မြေမှာ မွေးလာတဲ့ ပေါ်တူဂီတွေချည်းပဲ။ သူကိုယ်တိုင်သည်ပင် မျိုးဆက် ၃ ခုမြောက်ရှိနေပြီ။ ဇာတ်လမ်းတစ်လျှောက် သူ့မှာ စိတ်ပျက်စရာတွေ အများကြီး၊ လောကဒဏ် တွေ အများကြီး ဖြတ်ကျော်ခဲ့ရတယ်။ သူ့အိမ်မက် တစ်ခုတည်းကသာ သူ့ကို ရှင်သန် စေဖို့၊ သန်မာစေဖို့ ခွန်အားတွေ ဖြစ်စေခဲ့တယ်။
အင်းဝ မှာ အရက်ဆိုင်သေးသေးကလေးဖွင့်ထားရာကနေ ဟံသာဝတီ နိုင်ငံ တည်ထောင်သူထဲတွင် ပါဝင်သူအဖြစ် တိုးတက်လာသော လွီ ရဲ့ ဇာတ်ကောင်စရိုက်က အထင်ကြီးစရာပါ။ သူဒီလို ဖြစ်လာဖို့ သူကျော်ဖြတ်ခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးမှ အများကြီးပါပဲ။ အထူးသဖြင့် အင်းဝ သူ မဟုတ် ဗမာ မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ ရုန်းကန်ရတာ သူ့အတွက် မလွယ်ကူခဲ့ပါဘူး။
ဖတ်နေရင်း နဲ့ လွီ နေရာကို ဝင်ကြည့်မိတယ်။ အရမ်းကို ပင်ပန်းလွန်းလှတယ်။ နိုင်ငံရေးစနစ်တွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ လူမှုရေးပျက်ပြားမှုတွေ ကြားထဲက မိန်းကလေးတစ်ယောက် ကို မြင်ယောင်ကြည့်လိုက်တယ်။ စာရေးသူ ပြောချင်တဲ့ မိန်းကလေးတစ်ယောက်က ဒီလို အခက်အခဲတွေကြားထဲကနေ ရုန်းထွက်ပြီး ရှင်သန်နေရတယ်။ ခေတ်စနစ်ကြားထဲမှာ မြောပြီးလိုက်ပါနေရတယ်။ သူ့အတွက် အနိမ့်ဆုံး အခြေနေမှာတောင်တခြားသူကိုကူညီ ပေးနိုင်တယ်။
အချစ်ရေးမှာဆို သူချစ်ရတဲ့သူ၊ သူ့ကို ချစ်တဲ့ သူ၊ သူ့ကို လိုချင်တဲ့ သူတွေထဲမှာ သူချစ်ရတဲ့သူကို ရွေးချယ်ဖို့တောင် ကံက အခွင့်အရေး မပေးလိုက်ဘူး။ Season 2 မဖတ်ရသေးလို့လဲပါမှာပါ။ ထိပ်ဆုံးကနေစပြီး အကျင့်ပျက်နေတဲ့ တိုင်းပြည်က သူ့ကို နာကျင်စရာ အမှတ်တရတွေချည်း ပေး နေတာမို့ ဒီမှာ သူဘယ်လိုများဆက်နေနိုင်မလဲ။ နောက်ဆုံး အင်းဝ မြို့ကြီး ပျက်စီးတဲ့အချိိန် လွီ သည်လဲ သူချစ်ရတဲ့ သူရင်ခွင်မှာ နေနိုင်စေချင်တယ်။
ဒီထဲမှာ သဘောကျတဲ့ စာစုတစ်ခုရှိတယ်။ ''သန်မာပြီးသားသူတွေက ဝင်ရုန်းကန် မပေးရင် ရုန်းကန်နေရတဲ့ သူတွေသန်မာလာတဲ့ တစ်နေ့ကို ရောက်လာလိမ့်မယ်။ အဲ့ဒီကျ နင့်ရဲ့ တာဝန်မဲ့မှု အတွက် နင်အရှက်ရလိမ့်မယ်။'' စာအုပ်တွေက ခေတ်စနစ်ကို ပုံဖော်တဲ့ နေရာမှာ အလှပဆုံးသော အရာကို ဖန်တီးပေးနိုင်တယ်။ ဒီစာအုပ်က ဖတ်တိုင်းရိုးသွားမှာ မဟုတ်တဲ့ စာအုပ်တစ်အုပ်ပါ။ စာထဲမှာ လူတွေရဲ့ Ego တွေ အများကြီး တွေ့နေရတယ်။ ဖတ်နေရင်းက မှန်တစ်ချပ် ကြည့်နေရသလိုပဲ။ တက်နိုင်သလောက် ရုန်းပေးကြရအောင်။
#BbH
#AVA1740s
#aungphyo
#review
#books
YOU ARE READING
Books Review by Aung Phyo
RandomThis is about the books review, what i've been read. I hope you will enjoy.