5(Edited)

76 6 0
                                    

Unicode

ပါကင်ထိုးပြီး ကားပေါ်မှ ဆင်းလိုက်တော့ ဘေးတိုက်မြင်လိုက်ရသည့် မဟာဆန်သူလေး။ တင်ပါးထိရှည်လျားသော နက်မှောင်သည့်ဆံနွယ်များကို ကျောတွင် ဖြန့်ချထားပြီး စာအုပ်လေးများကို ရင်မှာ ပိုက်ထားသည်။ ခပ်ပါးပါးခြယ်မှုန်းထားသည့် မျက်နှာလေးက ရွှေရင်အေးစရာ။ မြန်မာဆန်ဆန်ဝတ်စားထားသည့် မဟာဆန်သူလေးက မထူမပါးဒေါက်ဖိနပ်လေးနှင့် ခလုတ်တိုက်သွားသည်က ဇွဲသုတ၏နှလုံးသား။

မဟာဆန်သူလေးက ဘယ်မေဂျာကလဲ။ ဘယ်နှစ်ကလဲ။ ကြည့်ရတာ သူ့ထက်တော့ အတန်းကြီးမည် ထင်သည်။ ရှေ့ကလျှောက်သွားသည့် အိန္ဒြေရှင်လေးနောက်လိုက်ရင်း တွေ့လိုက်ရသည့် ပုံရိပ်လေးကြောင့် သတိမထားမိလိုက်မီမှာပဲ ခြေအစုံက ရပ်နှင့်လေပြီ။ အရိပ်ကလေးကို သေချာကြည့်မိတော့ ထုံးစံအတိုင်း သူပြုံးမိပြန်ပါပြီ။

အသားလေးက ဝင်းဖန့်ဖန့်၊ မျက်လုံးကြည်ကြည်တောက်တောက် ဝိုင်းဝိုင်းလေးတွေက ဖန်ဂေါ်လီလေးတွေအလား။ မဲနက်နေသည့်မျက်ခုံးလေးက သုံးရက်လပမာ ခုံးမျက်စအထာ၊ ဆေးမကူသည့် နှုတ်ခမ်းထူထူလေးက နီထွေးထွေးလေး။ ခေါင်းပေါ်တွင် အဖြူရောင် ယုန်ရုပ်ကလစ်လေး ပန်ထားပြီး ဝတ်ထားသည်ကတော့ တစ်ကိုယ်လုံးရောင်စုံ။ လုံချည်အနက်၊ ရှပ်အင်္ကျီအစိမ်း၊ block ဒေါက်လိမ္မော်ရောင်လေးစီးပြီး ပန်းရောင်ကျောပိုးအိတ်လေး လွယ်ထားသည်။ တစ်ယောက်တည်းလျှောက်လာပုံက ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ပုံမပေါ်။ လက်ထဲက Milo ဘူးကိုပဲ လှုပ်ကြည့်လိုက်၊ စုတ်သောက်လိုက်နှင့် တစ်ယောက်တည်း အလုပ်တွေရှုပ်နေရှာသည့် ကောင်မလေး။ နှုတ်ခမ်းလေးစူ၊ နှာခေါင်းလေးရှုံ့လိုက်ပုံအရဆို Milo ကုန်သွားတာပဲ ဖြစ်ရမည်။ မျက်လုံးလေး ကလည်ကလည်က သူတစ်ခုခု ကြံနေသည်ပေါ့။ ဟော.. ကြည့်နေစဉ်တွင်ပင် မျက်လုံးလေးတွေ မှိတ်ကျသွားအောင်ပြုံးပြီး ခေါင်းလေးတဆတ်ဆတ်ညိတ်နေပြန်ပါပြီ။ ပါးဖောင်းဖောင်းလေးတွေကလည်း တကယ်ကို အသည်းယားစရာ။

ဂျလုံးပလုံးလေး.. မင်းလေးက ဘာကောင်လေးလဲကွာ။

******

ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)Where stories live. Discover now