1.2K 101 10
                                    

ဆာကူရာတွေရယ် အပြုံးချိုချိုတွေရယ် သဘောကျတဲ့ မျက်ဝန်းနက်လေးတွေရယ်.. ငယ်ရွယ်မှုဟာ မင်းကိုကြည့်ရင်း ကုန်ဆုံးခဲ့လို့နှေမြောပါဘူး...

[ 桜の香りは春のメロディー ]

.....🌸

ရည်းစားဦးမဟုတ်ခဲ့ပေမယ့် အချစ်ဦးဖြစ်ခဲ့မည်ထင်ပါ့။ နွေဦးလိုချယ်ရီတွေလို နွေးထွေးလှပလွန်းတဲ့အပြုံးတွေနဲ့အတူ သူ့နှင့်ကျမှ အချစ်ဦးဆိုတဲ့ နာမ်စားကို  နက်နက်နဲနဲသတ်မှတ်ပေးချင်ခဲ့ခြင်း။
အချစ်ဦး‌က လက်ခံရခက်တဲ့ အတွေးကစတင်ခဲ့ရသည်။ သူကိုယ်တိုင်မသိလိုက်ခင်မှာ တွယ်ငြိခဲ့မိသည့် သဘောကျခြင်းသည် ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ခြင်းကြောင့်။

တွေ့ဆုံခြင်း။

အလယ်တန်း‌နောက်ဆုံးနှစ်အပြီးတွင် ဆောနူ သူ့မြို့မှာရှိသည့်အထက်တန်းကျောင်းမှာပဲ ဝင်ခွင့်ဖြေခဲ့သည်။ အတူဖြေဆိုခဲ့သည့် သူငယ်ချင်းများနှင့် အထက်တန်းကျောင်းကို တက်ခွင့်ရခဲ့သည်။ အထက်တန်းပထမနှစ် ထိုအထက်တန်းကျောင်းမှာပဲ နီရှီမူရာရီခီဆိုသည့် သူ့ကိုအတန်းဖော်အဖြစ် စသိခဲ့ပြီး အတန်းဖော်ဆိုတာထက် ပိုပြီးသတိမထားမိခဲ့။ နီရှီမူရာရီခီဆိုသည်မှာ ဖာသိဖာသာနေတတ်ပြီး မည်သူ့ကိုမျှအာရုံမရှိသည့်ပုံစံနေတတ်သည်။ ချွင်းချက်အနေဖြင့် သူ့ဆီတွင်တော့ အာရုံစိုက်ခံရခြင်းများစွာရှိပေသည်။ ဘတ်စကတ်ဘောဆို ထူးချွန်ကာ ရူပါကုသိုလ်လျှံသည့် ရီခီက ပြိုင်ပွဲတွေမှာဆို ထင်းထွက်နေတတ်သည့်သူဖြစ်ပြီး သတိကြီးကြီးထားစရာသူဖြစ်ကာ senpai(အကြီးတန်း)တွေကြားမှာတောင် လူသိများသူဖြစ်၏။

တစ်ယောက်တည်း တည်ငြိမ်နေတတ်သော ရီခီသည် အပေါင်းအသင်းတစ်ရုံးရုံးနှင့် ဟီးဟီးဟားဟား နေတတ်သည့် ဆောနူနှင့် အဖြူနဲ့အမည်းလိုပင်။ အတန်းထဲက ဘယ်သူနဲ့မှလည်း စကား‌မပြောသည့်အပြင်၊ ဘတ်စကတ်ဘောအသင်းထဲက လူတွေ‌လောက်နှင့်သာ တွဲသွားတွဲလာ တွေ့ရသည်။ ထိုအခါများကလည်း ရှားပါးသည်။ ထိုအချိန်တွေထိ ရီခီကို ထူးဆန်းတဲ့အတန်းဖော်ဆိုတာထက် ပိုသတိမထားမိခဲ့။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now