ICCILUHM 4

3.4K 388 9
                                    

Unicode

ရှောင်းကျန့်သည် ကိုကိုတို့ခြံရှေ့က မိုးမခပင်ကြီးအောက်မှာ ကားကို ရပ်လိုက်သည်။ လက်ဆောင်ပစ္စည်းတွေကို ယူလို့ ခြံဝန်းတံခါးကို အသာတွန်းဖွင့်ဝင်လိုက်သည်။

ဟိုအရင်တုန်းကအတိုင်း မပြောင်းလဲတဲ့ သစ်သားဝင်းတံခါးက ကြာနေပြီမို့ ဖွင့်ရတာ နည်းနည်းကြပ်နေသည်။ အရင်ကတော့ ဆေးသားအစိမ်းရောင်နုနုလေးသုတ်ထားပေမယ့် အခုတော့ ဆေးလည်း ပြယ်လွင့်နေသလို တံခါးကလည်း အနည်းငယ် ယိုင်နေသည်။

ခြံထဲဝင်လာကတည်းက ဝမ်မားရဲ့ အသံကျယ်ကျယ်ကို ကြားနေရသည်။ အိမ်မကြီးတံခါးက တစ်ခြမ်းပွင့်နေသည်။ သူ ရပ်လို့ ချက်ချင်းမဝင်ဖြစ်သေးဘဲ အထဲကို ကြည့်လိုက်သည်။

မားကို တိုးတိုးပြောဖို့ တောင်းပန်နေတဲ့ ကိုကိုနဲ့ မျက်ရည်တွေကျနေတဲ့ အားချန်ကို တွေ့လိုက်ရသည်။ သူ့ကို မြင်ရင် ကိုကို ရှက်သွားမှာ စိုးတာကြောင့် ပိတ်နေတဲ့ တံခါးတစ်ခြမ်းမှာ ကွယ်ဖို့ လုပ်လိုက်ပေမယ့် အားချန်က သူ့ကို မြင်သွားသည်။

"ရှောင်းကျန့်ကောကော."

စိုးရွံ့ထိတ်လန့်သွားတဲ့ ကိုကို့အကြည့်ကြောင့် သူ စိတ်မကောင်း ဖြစ်သွားရသည်။ ကိုကိုက မပြေလည်မှုတွေကို ဖုံးကွယ်ထားချင်သည်။ သူကလည်း တမင်ရည်ရွယ်တာ မဟုတ်ပါဘဲ ပြဿနာဖြစ်ချိန်တိုင်း အမြဲရှိနေတတ်ပြန်သည်။

"မားက ကြောင်ကြည့်နေတယ်။ ကျွန်တော့်ကို မမှတ်မိဘူးလား."

ရှောင်းကျန့်က ဘာမှမသိသလို၊ အခုမှ ရောက်လာသလိုမျိုး ပြုံးရယ်လို့ နှုတ်ဆက်လိုက်သည်။ ကိုကို့ကိုကျော်ပြီး သူ့ကို ထူးဆန်းသလို လှမ်းကြည့်နေတဲ့ ဝမ်မားက သူ့အသံကြားမှ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဟယ် သားကျန့်... သားကျန့် မဟုတ်လား."

ဝမ်မားက သူ့ဆီ အမြန်လျှောက်လာပြီး ဖက်လို့ အရင်လိုပင် မပြောင်းမလဲ နှုတ်ဆက်လေသည်။

"အသက်တွေကြီးလာတော့ မျက်လုံးတွေလည်း မကောင်းချင်တော့ဘူးလေ."

"ဒါပေမယ့် မားက အရင်လို လှပနေဆဲပါ."

သူ့စကားကို ဝမ်မားက သဘောကျပြီး ရယ်သည်။ အားချန်က မျက်ရည်တွေကို ကပျာကယာသုတ်နေသည်။ ကိုကိုကလည်း ပျက်ယွင်းနေတဲ့မျက်နှာကို ဟန်ဆောင်ဖုံးကွယ်ဖို့ ကြိုးစားနေသည်။

I Can't Count I Love You How MuchWhere stories live. Discover now