ဆောင်းတွင်းကြီးရွာတဲ့မိုးနဲ့အတူ ရပ်ကွက်တစ်ခုလုံးသည် မိုးကြီးမိုးပေါက်ကျသံတို့ကြောင့် ဆူညံနေသည်။ ကိုရှည်ကြီးရဲ့လက်ဖက်ရည်ဆိုင်ရှေ့ ဗန်ဒါပင်အိုကြီးရဲ့ သစ်ရွက်တို့သည် မိုးစက်တွေရိုက်ခတ်လို့ တရှဲရှဲနဲ့သံစုံမြည်ဟီးကာ ကခုန်လှုပ်ယမ်းနေကြသည်။ မဲမှောင်နေတဲ့မိုးကောင်းကင်ကနေ တစ်ပေါက်ချင်းပြေးဆင်းလာတဲ့မိုးစက်တို့ကို ဓာတ်တိုင်မီးရောင်အောက် လှပစွာမြင်နေရ၏။ မိုးရေထဲမှာ တလှုပ်လှုပ်နဲ့ရွေ့လျားနေကြတဲ့ ထီးရောင်စုံတို့သည်လည်း လမ်းမကြီးတွေပေါ်မှာ ရှုပ်ယှက်ခတ်လျက်ရှိကြသည်။ ထီးပေါ်ကိုခုန်ကျဆင်းလာတဲ့ မိုးစက်တွေ ဖွာပြီးလွင့်စင်သွားတဲ့ မြင်ကွင်းမျိုးကိုတော့ အခုလိုမိုးသည်းတဲ့ အချိန်မျိုးမှာ ရင်သက်ရှုမောဖွယ်တွေ့မြင်ရလေသည်။
မိုးကြောင့် ကိုရှည်ကြီးဆိုင်မှာ လူပါးနေ၏။ ဂျူနီယာက စားပွဲတစ်ခုမှာထိုင်ပြီး မိုးရေတွေထဲငေးကြည့်နေသည်။ မိုးရေထဲပြေးထွက်ပြီး ခုန်ပေါက်ဆော့ကစားပစ်လိုက်ချင်တဲ့ ကလေးတစ်ယောက်ရဲ့မျှော်လင့်ချက်မျက်လုံးမျိုးတွေနဲ့တော့မဟုတ်။တခုခုကိုတွေးတွေးငေးငေးနဲ့ ငြိမ်နေတာမျိုး။
" ဂျူနီယာ ဘာတွေဆွေးနေတာတုန်းကွ "
ကိုရှည်ကြီး အရွှန်းဖောက်လိုက်တော့ ဂျူနီယာက မိုးပေါက်တွေဆီကနေ အကြည့်ကိုမလွှဲနိုင်သေးပဲနဲ့
" ဟိုဘက်ကားလမ်းဘေးက ကြက်သားသုပ်ရောင်းတဲ့ဆိုင်လေ။ ကျွန်တော်မှတ်မိတာ၊ ဒီလိုမိုးသည်းနေတုန်းအချိန်ပဲ။ ထီးလေးဆောင်းပြီးအဲ့ဆိုင်ကိုသွားရတယ်။ မီးလည်းပျက်နေသေးတယ်။ တရပ်ကွက်လုံးမှောင်နေတယ်ထင်တယ်အဲ့ညက။ "
" အဲ့တော့ အဲ့ညက တခုခုထူးခြားတာဖြစ်ခဲ့လို့လား " ဟု ကိုရှည်ကြီးက ကြားဖြတ်မေးလိုက်သည်။
" ထူးထူးခြားခြား အဖြစ်အပျက်မျိုးမရှိပါဘူး။ အဒေါ်ကြီးတစ်ယောက် ကြက်သားသုပ်လာဝယ်ရင်း ထီးမပါလာလို့ ကျွန်တော်သူ့အိမ်ကိုထီးဆောင်းလိုက်ပို့ရသေးတယ်။ အဲ့ဒါကလည်း မထူးဆန်းပါဘူး။ ကျွန်တော်တွေးမိတာက အဲ့တုန်းက ကျွန်တော်ငယ်ငယ်လေးပဲရှိသေးတာဗျ။ လေးတန်းလားပဲ ရှိဦးမယ်။ အခုလိုမိုးသည်းတော့ အဲ့ညနဲ့သိပ်တူတာပဲလို့ထင်မိလို့ပါဗျာ။ မနေ့တနေ့ကလိုပဲ အဲ့ညဖြစ်ခဲ့တာက။ တကယ်ကျတော့ နှစ်တွေကြာပြီဗျ။ အချိန်တွေကုန်တာမြန်လိုက်တာနော်လို့ အောက်မေ့မိလို့ပါဗျာ။ "
BẠN ĐANG ĐỌC
ဂျူနီယာ ( completed )
Lãng mạnဂျူနီယာသည် သာမာန်ခပ်အေးအေးနဲ့ ဘာမှမထူးခြားတဲ့ လူငယ်လေးတစ်ဦးပါပဲ။ သူ့ဘဝထဲ အလှည့်အပြောင်းတချို့ဖြစ်လာတဲ့အခါမှာ ထိုအပြောင်းအလဲတွေထဲ ချစ်ခြင်းမေတ္တာတွေပါဝင်လာပါတယ်။ ထိုအခါမှာ ဂျူနီယာ သူ့ရဲ့နုငယ်ဖြူစင်သေးတဲ့ နှလုံးသားလေးနဲ့ ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာလေမ...