အပိုင်း ( ၁၇ )

314 27 31
                                    

ရန်ကုန်တက္ကသိုလ်ကြီးသည် ထူးချွန်ကျောင်းသားများ မွေးထုတ်ပေးဖို့အတွက် ၂၀၁၄ ခုနှစ်တွင် ခက်ခက်ခဲခဲ ပြန်လည်ရုန်းထလာခဲ့သည်မှာ အခုဆို ထိုကျောင်းသားလေးများ ဘွဲ့ယူအခမ်းအနားတက်ရတော့မည့်ရက်ပင် ရောက်လာချေပြီ။ ဒီဇင်ဘာရဲ့ အေးစက်စက်အငွေ့အသက်တွေနဲ့အတူ သစ်ပုတ်ပင်အိုကြီးလည်း တဖန်ပြန်၍ အရွက်တွေကြွေရလေပြီ။ ရွက်ကြွေတွေဝေနေသော ကျောင်းဝင်းကြီးထဲ၌ အတောင်အလက်စုံတော့မည့် ကျောင်းသားကျောင်းသူလေးများ အရောင်စုံစွာ လင်းလက်တောက်ပနေကြ၏။ ကြည့်လိုက်မိတဲ့အခါတိုင်း လွမ်းမောချင်စိတ်ပေါက်လာအောင် ပြုနိုင်စွမ်းသည့် ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးရဲ့မျက်နှာစာမှာလည်း အိုဟောင်းဆွေးမြေ့နေဆဲပင်။ အဟောင်းမှသည် အသစ်၊ အသစ်မှသည် အဟောင်း လည်နေသောသံသရာစက်ဝန်းကြီးမှာ ပြောင်းလဲနေခြင်းကသာလျှင် အမှန်တရားပေတည်းဟု လက်ကိုင်ထားဆဲပဲ။

" ငါတို့တွေ ၂၀၁၃ ဒီဇင်ဘာမှာ ဒီကိုရောက်လာခဲ့ကြတာနော်။ အခု ဒီဇင်ဘာမှာ ငါတို့တွေဘွဲ့ယူရပြီ။ ငါးနှစ်ဆိုတဲ့အချိန်က ခဏလေးပဲနော် သက်လင်း။ ဟိုမှာ ကြည့်လိုက်စမ်း။ ဒီကျောင်းကြီးပြန်ပြီးဖွင့်လိုက်တဲ့အချိန်မှာ ပထမဆုံးရောက်လာခဲ့တဲ့ငါတို့တတွေ၊ ပြီးတော့ ငါတို့သူငယ်ချင်းတွေ အခု အဓိပတိလမ်းမကြီးမှာ ပြုံးရွှင်ရယ်မောနေကြတာပဲနော်။ "

ဘွဲ့နှင်းသဘင်ထဲမဝင်ခင် ပန်စစ်နဲ့သက်နိုင်လင်းသည် ဘယ်ရီချို့ကိုစောင့်နေကြသည်။ ပန်စစ်ရဲ့စကားကြောင့် သက်နိုင်လင်းက အဓိပတိလမ်းမပေါ် လှမ်းကြည့်လိုက်သည်။ ပထမဆုံးသော ဘွဲ့ယူအခမ်းအနားအတွက် အလှဆုံးပြင်ဆင်လာကြသော ကျောင်းသားကျောင်းသူများ၊ မိဘများဖြင့် အဓိပတိလမ်းမကြီး စည်ကားနေချေသည်။ လူချမ်းသာသားသမီးများရဲ့ ကားများလည်း အဝင်အထွက်မပျက် ရှိနေကြ၏။ စာကြည့်တိုက်ရှေ့၊ RC အရှေ့၊ သစ်ပုပ်ပင်ကြီးရှေ့ ၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့ စသည့်အထင်ကရနေရာများတွင်လည်း ဓာတ်ပုံရိုက်သူများ ခြေချင်းလိမ်နေကြ၏။

" ပန် အရင်က ပြောရင် မျက်ခွက်ပြောင်တယ်ပဲဖြစ်ဦးမယ်။ အခုဒီလိုနေ့မှာတော့ ပြောလိုက်တော့မယ်ကွာ။ ပန် မင်းက ငါ့ဘဝမှာ အကောင်းဆုံးသူငယ်ချင်းပဲ သိလား။ မင်းနဲ့ငါ တက္ကသိုလ်ရောက်မှ ဆုံရတယ်ဆိုပေမယ့် ငါ့ဘဝမှာ ရှိဖူးခဲ့သမျှသူငယ်ချင်းတွေထဲ မင်းကိုအချစ်ဆုံးပဲ။ မင်းမှတ်မိသေးတယ်မလား။ ပထမဆုံးနေ့က S17 အခန်းထဲမှာ ငါအစောကြီးရောက်ပြီး အခန်းထဲမှာမိန်းကလေးတွေချည်းရှိနေလို့ စိတ်ညစ်နေတဲ့အချိန် မင်းဝင်လာတာမြင်တော့ ပျော်သွားတာပဲ။ ငါ့ဘေး မင်းလာထိုင်ဖို့ မင်းကိုလက်ပြခေါ်ခဲ့တာလေ။ ဒီဇင်ဘာတွေတစ်ခုပြီးတစ်ခု ရွေ့လာခဲ့လိုက်တာ အခု အဲ့ဒီ့ပထမဆုံးဒီဇင်ဘာကို ပြန်တွေးမိတော့ မင်းကိုအရင်ဆုံးပြန်မြင်ယောင်မိတာပဲ ပန် "

ဂျူနီယာ ( completed ) Nơi câu chuyện tồn tại. Hãy khám phá bây giờ