အပိုင်း ( ၂၂ ) - ၃

297 26 10
                                    

ပျားပန်းခတ်မျှရှုပ်ထွေးနေသော လေဆိပ်ထဲက လူအုပ်ကြားထဲကိုကြည့်ပြီး တစ်ယောက်သောသူများ ရောက်လာလေဦးမလားလို့ သက်နိုင်လင်း မျှော်နေမိပါသေးသည်။ မျှော်လင့်ချက်ကို သူလက်မလွှတ်နိုင်သေး။ အကယ်၍ ဘယ်ရီချိုသာ အခုနေသူ့ကိုလာတွေ့ခဲ့ရင် သူ့ဆုံးဖြတ်ချက်အားလုံးကို ပြန်ပြင်ဖို့ကလည်း အဆင်သင့်ပါပဲ။ အရာအားလုံးကို ဘယ်ရီချို၏ စိတ်တစ်ခုတည်းအပေါ်၌သာ သူ ရင်းနီးမြှပ်နှံထားခဲ့ခြင်းဖြစ်သည်။

မနေ့ညက ဘယ်ရီချို့ဆီ သူစာပို့ခဲ့ပါသေးသည်။ သူထွက်သွားတော့မည့်အကြောင်းနဲ့ ဒီတစ်ခါထွက်သွားပြီးရင် ပြန်လာနိုင်ဖို့ဆိုတာ မသေချာတော့သည့်အကြောင်း ၊ အဓိကကတော့ ဘယ်ရီချိုသာစိတ်ပြောင်းဦးမယ်ဆိုရင် သူ ဒီလိုထွက်မသွားချင်သောအကြောင်းများကို သေချာပြောပြခဲ့ပါသည်။

" ဘယ်ရီတော့ မလာတော့ဘူးထင်တယ် "

လူအုပ်ထဲကို ငေးကြည့်ပြီး မျှော်နေရှာသည့်သက်နိုင်လင်းကို ထိုသို့ ပြောလိုက်ရသော်လည်း ပန်စစ်မှာ စိတ်မကောင်းပါ။ သက်နိုင်လင်းရဲ့မျက်နှာသည် ပြိုတော့မည့်မိုးလို အုံ့မှိုင်း၍လာလေသည်။ မျက်ဝန်းထဲ၌ကား ဝမ်းနည်းရိပ်များ တရိပ်ရိပ်တက်လာသည်။ ခံစားချက်များကို ဖိနှိပ်၍မြိုသိပ်ထားပုံရသော်လည်း စိတ်ကမပြတ်သားဖြစ်နေသေးမှန်း မျက်နှာ၌ပေါ်လွင်လို့နေလေသည်။

" အေး ဘယ်ရီက တော်တော်ကိုပြောင်းလဲသွားတယ်။ သူနေနိုင်တယ်ဆိုတဲ့အကြောင်းကို အဆုံးထိကိုပြလိုက်တာပဲ။ ငါမအံ့သြတော့ပါဘူး။ တခါတလေ ဒီလို တွေးမိတယ် ။ သူငါ့ကို ချစ်မှချစ်ခဲ့ရဲ့လားလို့။  "

ပန်စစ်သည် ဝမ်းနည်းနေသော သူငယ်ချင်းဖြစ်သူရဲ့ ပုခုံးကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး

" သက်လင်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီးနေပါ့မယ်လို့ ကတိပေးခဲ့။ "

" အင်းပါ။ ငါ ဘာမှ လျှောက်မလုပ်ပါဘူး။ ဟိုမှာနေမယ်စိတ်ကူးပြီးကတည်းက အားလုံးကိုအသစ်ကပြန်စဖို့ ဆုံးဖြတ်ထားတယ်။ "

လေဆိပ်ဝင်ပေါက်ဆီသို့ သက်နိုင်လင်း လှည့်မကြည့်တော့ပါ။ မျက်လွှာတွေကိုချလျက်ဖြင့် ခေါင်းကိုအောက်ငိုက်စိုက်ချထားသည်။ ငိုချင်နေသောမျက်နှာနှင့် မျက်ရည်များကို လူမမြင်စေလိုသောကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ဂျူနီယာ ( completed ) Dove le storie prendono vita. Scoprilo ora