အပိုင်း ( ၂၃ )

300 25 11
                                    

တနည်းနည်းဖြင့် မိတ်ဆွေတချို့ကို ဆုံးရှုံးရတတ်ခြင်းသည် ဘဝရဲ့တကွေ့၌ လူတိုင်းကြုံတွေ့ရတတ်သည့် လောကဓံပေတည်း။ ဂျူနီယာသည် ယခုမူ ထိုလောကဓံရဲ့အရသာကို လက်ဖက်ရည်ထဲထည့်ဖျော်ကာ လွမ်းလွမ်းဆွေးဆွေးသောက်နေမိလေသည်။ သူထိုင်နေသော စားပွဲဝိုင်း၏ဘေးပတ်လည်တွင်မူကား လက်ဖက်ရည်ဆိုင်၏သရုပ်သဏ္ဍာန်ရှိသည့်အတိုင်း လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောသူပြော၊ ဝိုင်းဖွဲ့၍ ဖုန်းဂိမ်းဆော့သူများဆော့၊ တီဗွီဖန်သားပြင်ပေါ်က အားကစားပွဲ ကြည့်သူကကြည့်ဖြင့် အရင်ပုံမှန်နေ့ရက်တွေနဲ့ ဘာမှ မခြားသလိုပါပဲ။ ဗန်ဒါပင်အိုကြီးရဲ့အောက်၊ သစ်သားခေါက်ကုလားထိုင်လေးပေါ်မီပြီး ဆေးလိပ်ကြီးဖွာတတ်သော ဆိုင်ပိုင်ရှင်အညာသားကြီးကိုကား အားလုံးသတိရမိတန်ကောင်းပါရဲ့။

" ဒီညမှာ ကိုအရှည်ကြီးသာရှိနေသေးရင် သူ့မျက်နှာမှာအပြုံးတွေဝေနေမှာပဲ။ ဟိုအရင်ကဆို ဂျူနီယာစာမေးပွဲသွားဖြေပြီဆိုလေ ဆိုင်မှာဆွမ်းခံလာကြွတဲ့ကိုရင်လေးတွေကို ဆွမ်းလှူပြီးတဲ့အပြင် လက်ဖက်ရည်နဲ့မုန့်ကိုပါကပ်ပြီး ဂျူနီယာစာမေးပွဲဖြေနိုင်ပါစေ ဆုတောင်းတတ်တာပဲ။ "

ပန်းသည်ကိုမြ၏ ပြန်ပြောင်းပြောပြနေပုံကို နားထောင်ရင်း မုန့်ဖတ်ထုပ်သည်အဖိုးမှာ စိတ်ထိခိုက်ကြေကွဲလာ၏။ အဖိုးသည် ဂျူနီယာ့အား သနားဂရုဏာသက်သောမျက်ဝန်းမှုန်မှုန်တို့ဖြင့် ကြည့်နေလေသည်။ သူတို့အဖို့ ကိုအရှည်ကြီးရဲ့ကွက်လပ်နေရာဘေးတွင် ထိုင်နေသော ဂျူနီယာ့ကိုမြင်ရလေ မရှိတော့သည့်ကိုအရှည်ကြီးအား သတိရမိလေ ဖြစ်နေကြရှာ၏။

" ကိုအရှည်ကြီးပိုင်ခဲ့တဲ့ ဒီဆိုင်လေးလည်း တခြားသူလက်ထဲရောက်တော့မှာပဲ။ အရာရာဟာ ဘာမှမမြဲခြင်းပါပဲလေ။ ဂျူနီယာ ကိုအရှည်ကြီးမရှိမှတော့ နောင်ဆိုဒီဆိုင်လေးကို မင်း ဘယ်လာချင်တော့မှာလဲ ဟုတ်တယ်မလား "

ကိုမြက မေးသည်။

" ဒီဆိုင်လေးမှာ အရင်လူတွေမရှိတော့မှတော့ ကျွန်တော်လည်း ဆက်ရှိနေဖို့အကြောင်းမရှိတော့ဘူးပေါ့။ "

ထိုအဖြေကို ဂျူနီယာသည် အဖျော်ဆရာကိုလှမ်းကြည့်ရင်းမှ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။ ဟုတ်ပါသည်။ အဖျော်ဆရာဆိုတာကလည်း ကိုအရှည်ကြီးရဲ့ ဆွေမျိုးရင်းလိုဖြစ်နေသည့်သူတစ်ဦး။ ကိုအရှည်ကြီးမရှိတော့သည့်နောက် သူလည်း ထွက်သွားတော့မည်ဟုဆုံးဖြတ်လိုက်ပုံရပါသည်။ နယ်ကိုပြန်ကာ သူ့ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်လေး ဖွင့်မယ်လို့တော့ ပြော၏။

ဂျူနီယာ ( completed ) Wo Geschichten leben. Entdecke jetzt