ဒီနေ့ ကိုအရှည်ကြီးဆိုင်မှာ ခါတိုင်းထက်ပိုပြီး လူကျနေသည်။ စားပွဲဝိုင်းများတွင် လူကအပြည့်။ စားစရာသောက်စရာများကလည်း အပြည့်။ အကြောင်းမှာ ဒီညပိုင်း စားသောက်သမျှကို ကိုအရှည်ကြီးက ဒကာခံကာ အဖိုးအခတစ်ပြားတစ်ချပ်မျှမယူပဲ ကျွေးမွေးနေသောကြောင့်ဖြစ်သည်။
" ဖြည်းဖြည်းတော့ စားကြသောက်ကြဗျာ။ မုန့်တွေကတော့မကုန်ပါဘူး။ အဖျော်ဆရာကတော့ ဆက်တိုက်ဖျော်နေရလို့မောနေပြီပြောလို့ပါဗျ။ "
ပြောရင်းဆိုရင်း ကိုအရှည်ကြီးသည် စားပွဲဝိုင်းများအလယ် ဧည့်ခံရင်း ပြုံးပျော်ရွှင်ပြနေသည်။ အဖျော်ဆရာကတော့ နဖူးစပ်ကချွေးတွေကို သဘက်နဲ့သုတ်ပြီး ထိုသဘက်ကိုပုခုံးပေါ်တင်ကာ စားပွဲတစ်ခုမှာ အနားယူနေရရှာသည်။ နောက်ထပ်မိနစ်အနည်းငယ်တော့ ဘယ်လက်ဖက်ရည်မှမဖျော်ပဲ အနားယူမယ်ဆိုတဲ့သဘောရှိသည်။
" ဘာနေ့ထူးများမို့ အခုလိုကျွေးမွေးတာတုန်း ကိုအရှည်ကြီးရဲ့။ "
ခုနကမှ ရောက်ရှိလာပြီး ကျွေးမွေးရခြင်းအကြောင်းအရင်းကိုမသိရသေးသဖြင့် မေးလာသောသူသည် ဤရပ်ကွက်တွေထဲ မနက်ခင်း ပန်းလှည့်ရောင်းသည့် ကိုမြဆိုတဲ့သူ။ ကိုမြသည် ကိုအရှည်ကြီးလောက်တော့ အသက်မကြီးသေး။ အလွန်ဆုံးရှိ ငါးဆယ်ကို ဂဏန်းနှစ်ခုမျှလောက်သာကျော်ချင်ကျော်လိမ့်မည်။ အနီးအနားရပ်ကွက်တွေကိုလည်ပြီး ပန်းလှည့်ရောင်းလာသည့် သက်တမ်းကတော့ ကိုအရှည်ကြီးရဲ့လက်ဖက်ရည်ဆိုင် သက်တမ်းနီးပါးလောက်ရှိပြီဖြစ်၏။
" ဟာ ဒီနေ့အကျွေးအမွေးက ဂျူနီယာကိုးတန်းအောင်တဲ့အထိမ်းအမှတ်ပေါ့ဗျ။ မကြာခင်ဆို ဆယ်တန်းကျောင်းသားဖြစ်ပြီလေဗျာ။ "
ဟု ကိုအရှည်ကြီးက ဝမ်းသာအားရ ကျယ်ကျယ်လောင်လောင်နဲ့ပြောတော့ စားပွဲဝိုင်းမှာရှိနေတဲ့ ဂျူနီယာတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ဆယ်တန်းအောင်၍ ဂုဏ်ထူးတွေပါလို့ဆို ကြားကောင်းသေး။ အခုများကျ ကိုးတန်းစာမေးပွဲဖြေပြီးရုံလေးကို အခုလိုအကြီးအကျယ်တွေပြောနေတော့ ဂျူနီယာတစ်ယောက်နေရခက်နေ၏။ စားသောက်နေကြသူများကလည်း အလကားစားသောက်နေရ၍သာ အလိုက်သင့်နေကြသည်ထင်ရဲ့။ အပိုလုပ်သည်ဆိုကာ ကိုအရှည်ကြီးကိုမည်သူမျှ မဝေဖန်ကြ။ ဆိုင်မှာရနိုင်သမျှ စားစရာအမျိုးမျိုးကိုသာ စိတ်ကြိုက်မှာယူစားသုံးနေကြ၏။ ကိုအရှည်ကြီးကလည်း သဒ္ဓါတရားပိုကာ အားလုံးကိုစိတ်ကြိုက်စားသောက်ခွင့်ပြုထားသည်။
DU LIEST GERADE
ဂျူနီယာ ( completed )
Romantikဂျူနီယာသည် သာမာန်ခပ်အေးအေးနဲ့ ဘာမှမထူးခြားတဲ့ လူငယ်လေးတစ်ဦးပါပဲ။ သူ့ဘဝထဲ အလှည့်အပြောင်းတချို့ဖြစ်လာတဲ့အခါမှာ ထိုအပြောင်းအလဲတွေထဲ ချစ်ခြင်းမေတ္တာတွေပါဝင်လာပါတယ်။ ထိုအခါမှာ ဂျူနီယာ သူ့ရဲ့နုငယ်ဖြူစင်သေးတဲ့ နှလုံးသားလေးနဲ့ ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာလေမ...