အပိုင်း ( ၂၅ ) ( ဇာတ်သိမ်းပိုင်း - ၁ )

697 36 49
                                    

၇ နှစ်တောင်ကြာသွားပြီဖြစ်သော အတိတ်တို့သည် ဤစီးကရက်အပိုင်းအစလေးများကို ထုတ်ကြည့်မိလေတိုင်း သူ့အဖို့ အသစ်တဖန်ပြန်လည် ခံစားရစမြဲ။ နွေးထွေးမှု၊ လုံခြုံမှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု ထို့နောက်တွင် ....... လွမ်းဆွတ်ခြင်း၊ သတိရခြင်းတွေများစွာ.......

ပန်စစ်နှုတ်ခမ်းနဲ့ ထိတွေ့ခဲ့ဖူးသည့် ဤ စီးကရက်တိုလေးများ.... သူသည် စီးကရက်အတိုလေးတစ်ခုကိုရွေးပြီး နှာခေါင်းဝတွင်တေ့၍ ရှူရှိုက်လိုက်သည်။ ထိုသို့လုပ်လေတိုင်း စီးကရက်နံ့နဲ့အတူ သူ့နှလုံးသားထဲကမှတ်မိနေတဲ့ ပန်စစ်၏ကိုယ်သင်းရနံ့လေးကို ပြန်ပြီးခံစားရသည်။ စီးကရက်လေးမှတဆင့် သူ၏နှုတ်ခမ်းနှင့် ပန်စစ်၏နှုတ်ခမ်းတို့ ပြန်ပြီးနီးစပ်သွားကြသလိုပင်။

ဤစီးကရက်လေးများကို ပန်စစ်ဖွာရှိုက်ခဲ့စဥ်တုန်းက ဘယ်လိုအတွေးတွေနဲ့များ မြောလွင့်နေခဲ့ပါသလဲ၊ ဘယ်လိုပူပင်မှုတွေကများ ပန်စစ်ကိုစိတ်ဖိစီးစေခဲ့ပါသလဲ၊ သူရော ထိုအတွေးထဲမှာ ပါဝင်နေခဲ့သလား .............. ဂျူနီယာသည် စီးကရက်ကိုဖွာပြီး အတွေးယဥ်ထဲနစ်နေတတ်သော ပန်စစ်၏မျက်နှာကို ပြန်မြင်ယောင်နေမိသည်။ တည်ငြိမ်ရှင်းသန့်သော မျက်လုံးများ၊ ကြင်နာတတ်သောအပြုံးများ၊ စက်ဘီးလက်ကိုင်ပေါ်က ရှည်သွယ်သွယ်လက်ချောင်းလေးများ၊ စက်ဘီးခြေနင်းပြားပေါ်က ရှင်းသန့်ကြည်စင်နေသော ခြေချောင်းရှည်လေးများ၊ သူ ပါးလေးအပ်ကာမီခဲ့ဖူးသည့် ကျောပြင်လေး.......... အစီအရီမရှိသော ရုပ်ပုံလွှာများ ဟိုတစ်ကွက်ဒီတစ်ကွက် သူ့အာရုံထဲ၌ ပေါ်လာကြသည်။

သူသည် စီးကရက်တိုလေးများကို ဘူးထဲပြန့်ထည့်သိမ်းကာ ဘူးကိုလည်း အံဆွဲထဲသို့ထည့်လိုက်သည်။ ထို့နောက် အခန်းပတ်လည်ကို ဘာရယ်မဟုတ် မျက်လုံးဝေ့ကြည့်မိသည်။ ပန်စစ်ထွက်သွားသော်လည်း ဘာမှမပြောင်းမလဲရှိနေသည့် ဒီအခန်းလေး။ ပန်စစ်သုံးခဲ့သည့် ကုတင်လည်း အရင်နေရာမှာပင်။ ဂျူနီယာ အမြဲသန့်ရှင်းပေးနေလို့သာ ဖုန်မတက်ဘာမတက်နဲ့ မသိရင် တစ်ယောက်ယောက်က အသုံးပြုနေတဲ့အတိုင်းပင်။ စောင်၊ ခေါင်းအုံးနဲ့ခြင်ထောင်များကိုလည်း ပိုင်ရှင်ရှိနေသည့်ပုံဖြင့် နေရာချထားသည်။ ဒေါ်စိမ်းရီသည် သုံးမယ့်သူ မရှိရင် စောင်နဲ့ခေါင်းအုံးတွေကို သိမ်းထားမည်ဟုပြောသော်လည်း ဂျူနီယာကလက်မခံ။

ဂျူနီယာ ( completed ) Hikayelerin yaşadığı yer. Şimdi keşfedin