Unicode
နောက်တစ်နေ့ကို ကူးပြောင်းခဲ့ပါပြီ။
ပြတင်းပေါက်က ထိုးထွက်လာတဲ့ ခပ်စူးစူး နေရောင်ခြည်ကြောင့် ဝင့်လွှာတစ်ယောက် မျက်လုံးပွင့်လာခဲ့တယ်။ အဲလိုနဲ့ ထဖို့ အလုပ်မှာတော့ လက်မောင်းတစ်စုံက သူမကို ရုန်းမထွက်နိုင်အောင် ဖက်ထားမှန်း သိလိုက်ရတယ်လေ။ ဝင့်လွှာလည်း အဲဒီ လက်မောင်းပိုင်ရှင်ကို ကြည့်ကြည့်မိတယ်။ တစ်နည်းအားဖြင့် 'မုန်း' လို့ သူမတစ်ဦးတည်းသာ ခေါ်ပိုင်ခွင့်ရှိတဲ့ အမရာပေါ့။
အမရာဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေမဲ့ ဝင့်လွှာကို ဖက်ထားရမယ်ဆိုတဲ့ အသိတော့ ရှိနေပါသေးတယ်။ ဝင့်လွှာကို သူမ အနားကနေ လုံးဝမထွက်သွားစေချင်တဲ့ပုံပါပဲ။ ဝင့်လွှာလည်း ချက်ချင်းရုန်းပြီးထမသွားသေးပဲ အဲဒီလိုမျိုး သူမကို တစ်ညလုံး ဖက်ထားပေးတဲ့ အမရာ့ကို တစိမ့်စိမ့်နဲ့ ကြည့်နေမိတယ်။
အမရာဟာ အတော်လေးချောတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကြည်လင်တဲ့ အသားအရေနဲ့အတူ မျက်ခုံးကောင်းကောင်း၊ နှာခေါင်းချွန်ချွန်၊ V-shaped မျက်နှာကျနဲ့ သူမဟာ တကယ့် မိန်းမလှလေးတစ်ယောက်ပါပဲ။ ငယ်ငယ်က tomboy ဆန်ဆန် ဘိုကေဆံပင်တိုနဲ့ သူမဟာ အခုတော့ အနက်ရောင် ဆံနွယ်အရှည်ကြီးနဲ့ ဖြစ်သွားခဲ့ပါပြီ။ တစ်ဖက်မှာလည်းလေ အမရာဟာ ခပ်ခန့်ခန့် ချောသူတစ်ယောက်လည်းဖြစ်တယ်။ မျက်နှာပေါက်က မိန်းကလေးဆန်ပေမဲ့ အရပ်ကြီးက အရှည်ကြီးဖြစ်ပြီး ပခုံးကျယ်ကျယ်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နဲ့မို့ အားကိုးချင်စရာ ခန့်ချောပုံစံမျိုးလည်း ဖြစ်ပါတယ်။ လူကောင်သိပ်မသေးတဲ့ ဝင့်လွှာတောင် အမရာ့ ရင်ခွင်ထဲရောက်ရင် မြုပ်သွားရော..။
ဝင့်လွှာလည်း အမရာ့ကို တစိမ့်စိမ့်ကြည့်ရင်း အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ အမရာ့ရဲ့ ပုံရိပ်ဟာ သူမအတွက် သိပ်ကို ဖြူစင်လွန်းနေပါတယ်။ အိပ်ပျော်နေတာတောင် တစ်ခြားလူကို ဖက်ထားပြီး နွေးထွေးမှု ပေးနိုင်တဲ့ အမရာ့မှာမှ ဘာဖြစ်လို့ မေတ္တာကံခေရလဲလို့လည်း တွေးမိတယ်။ အဲဒီကနေမှတစ်ဆင့် ဒီအတောအတွင်း 'မုန်း' တစ်ယောက် ဘယ်လောက်များ အထီးကျန်နေလိုက်မလဲဆိုပြီးလည်း ကရုဏာသက်မိလေတယ်။ အတော်လေးလည်း စိတ်မကောင်းဘူး။ အဲဒါနဲ့ပဲ ဝင့်လွှာဟာ သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ အမရာ့ရဲ့ ပါးပြင်လေးကို သူမရဲ့ လက်ဖဝါးနဲ့ အသာအယာ ပွတ်သပ်ပေးနေမိခဲ့ပါတယ်။
YOU ARE READING
ချစ်လှစွာသော မုန်း