နောင်ဘုန်းသိုက်သည် ဝဏ္ဏမောင် caseနဲ့ ပတ်သက်ပြီး အမှုမပေါ်အောင် ငွေအမြောက်အမြား သုံး ပစ်လိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ဉာဏ်ကိုးနောင်ကို Englandနိုင်ငံက (XXX) စိတ္တဇ ဆေးရုံကို ပို့ ပစ်လိုက်သည်။
ကိုးနောင်က လေဆိပ်မသွားခင် အိမ်ဦးခန်းက ဘုရားခန်းထဲ ဝင်လာခဲ့သည်။
"အရှင်ဘုရားက သဗ္ဗညုတ ဉာဏ်တော် ရှိတယ်ဆိုတော့ တပည့်တော် စိတ်ကို သိမှာပါ ဘုရား. . ."
ကိုးနောင်က ကိုင်ထားသော ပုဆိန်ကို ကြမ်းပေါ် ပစ်ချလိုက်ပြီး ပုလ္လင်ပေါ်မှာ သပ္ပာယ်စွာ သီတင်းသုံးနေတော်မူသော မြတ်ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ရှေ့ဝယ် ဒူးထောက်ချလိုက်သည်။
"အရှင်ဘုရားက မေတ္တာတရား အကြောင်းကို ဟောတယ်. . . တပည့်တော်လည်း မေတ္တာ ထားချင်ပါတယ်. . .ဒါမဲ့ သွေးသံရဲရဲတွေကို မမြင် မကြားရဘဲ ည တောင် အိပ်မပျော်တာ တပည့်တော်ရဲ့ ဝဋ်ကြွေးလား. . ."
အရုဏ်ဦးရဲ့ လင်းရောင်ခြည်သည် ရုပ်ပွားတော် အပေါ် ဖျဖျလေး ကျရောက်လာသောအခါ ရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်သည် ရောင်ခြည်တော် ကွန့်မြူးနေသည့်နှယ်။
"တစ်ခါတစ်လေ အရှင်ဘုရားကို သိပ် အားကျတာပဲ. . . ဘယ်လို အခြေအနေပဲ ရောက်ရောက် အေးအေးချမ်းချမ်း ပြုံးပြီး ထိုင်နေနိုင်တယ်နော်. . ."
ပုလ္လင်ပေါ်က မြတ်ဘုရားက အေးချမ်းစွာ ဉာဏ်ကိုးနောင်ကို ပြုံးကြည့်နေသည်။
မြတ်စွာဘုရားသည် အစဉ်အမြဲ အေးချမ်း၏။
ပုထုဇဉ်တွေသာ ပူလောင်နေကြသည်။ပုထုဇဉ်ကော ဥမ္မာတကော။လူတိုင်းဟာ အရူးတဲ့။
ဘုရားခန်းသည် အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်နေ၏။
"တပည့်တော် ရက်ရက်စက်စက် လူသတ်ခဲ့တယ်. အဟက်. .တပည့်တော်ရဲ့ အဖေအပါအဝင် လူတွေ အားလုံး တပည့်တော်ကို မကောင်းဆိုးဝါးလို့ ပြောကြတယ် . . . တစ်လောကလုံး တပည့်တော် ဘက်မှာ ရှိမနေရင်တောင် အရှင်ဘုရားကတော့ တပည့်တော်ဘက် ရှိနေပေးပါ. . .ဒေဝဒတ်နဲ့ မာန်နတ်ကိုတောင် မေတ္တာထားနိုင်တာပဲ. . . တပည့်တော်ကိုလည်း မေတ္တာမပျက်ပါနဲ့ ဘုရား. . ."
YOU ARE READING
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...