41

1K 96 1
                                    

‌‌ငါက တစ်လောကလုံးတွက် နတ်ဆိုးဆိုရင်တောင် မင်းတစ်ယောက်ပေါ်တော့ လူကောင်းတစ်ယောက် ဖြစ်ချင်ပါတယ် . . . ဖြစ်အောင်လည်း ငါ ကြိုးစားပါတယ် အချစ်ရယ် . . .။

++++

ကိုးနောင်၏ စိတ်သည် ညပြာပြာ မှာ ပုန်းလျှိုးကွယ်လျှိုး ကြောက်ရွံ့စွာ ပုန်းကွယ်နေသော ကြယ်မှုန်မွှားပိစိလေးများလို လေးဖင့်လျက်ရှိ၏။

သူသည် လက်က အနက်ရောင် သားရေ နာရီလေး ကို ခဏ ခဏ ကြည့်သည်။အခန်းထဲ ဘယ် ညာ ခေါက်တုံ့ ‌ခေါက်ပြန် လျှောက်လျက် လူးလားလွန့်လျက်ရှိသည်။အ‌ဝေးမှ ကားသံ သဲ့သဲ့ကြားတိုင်း ဝရံတာဆီ အပြေးထွက်ကြည့်မိသည်။

လမိုက်ည တွင် ကြယ်ကင်းစင်သလို သူ့ အခန်းတွင်လည်း ဆူညံဆူညံ တီတီတာတာ ပြောသူလေး မရှိနေပါလေ။

အိမ်ပြန်ချိန်တောင် လွန်ပါလျက် တစ်ယောက်သောသူသည် အိမ်ပြန်မလာသေးပါပေ။ကိုးနောင်သည် ဝတ်ဆင်ထားသော နက်ပြာရောင် ကတ္တီပါသား ညအိပ်အင်္ကျီကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။မျက်မှောင်ကို ခပ်တင်းတင်းကျုံ့လိုက်သည်။

သူ့ ပုံစံက ရှင်ဘုရင် အဆောင်မလှည့်လို့ လည် ကျိုးမတတ် မျှော်တော်မူနေရတဲ့ မိဖုရားလို၊အလည်လွန်တဲ့ ဇနီး အိမ်ပြန်မလာလို့ စောင့်နေရတဲ့ ခင်ပွန်းသည် လို ဆောက်တည်ရာမရ စေကာမူ မျက်နှာ ကတော့ တည်ငြိမ်မှု အပြည့်နှင့် ဖြစ်သည်။ရင်တွင်းမှာတော့ စာမေးပွဲခန်းထဲ ခဲတံ မေ့ခဲ့တဲ့ ကျောင်းသားလို ပျာယာခတ်နေ၏။

ဖုန်းဆက်ပါသော်လည်း ကိုယ်တော်ချောသည် မကိုင်၊massageပို့လည်း ဝင်မကြည့်။သူ ဘယ်နှယ့် လုပ်ရပါ့မည်နည်း။

စိတ်အပြောင်းလဲ ဖြစ်အောင် ကိုးနောင်သည် ကလေးတွေ ဖွထားသော အရုပ်များကို နေရာတကျ စီနေလိုက်ပြီး တစ်စစီ ချွတ်ချင်သလို ချွတ်ချထားကြသော အဝတ်စားများကို တစ်ထည်ချင်းကောက်ကာ ခြင်းထဲ ထည့်သည်။အခန်းကို တံမြက်စည်းလှဲသည်။ပြီး အခန်းပြင်လည်း သန့်ရှင်းရေး အနည်းငယ်လုပ်သည်။သူ စိတ်ပူနေရအောင်လည်း တစ်ဖက်သူသည် ကလေးမှ မဟုတ်တာ လို့ ဖြေသိမ့်သည်။သို့သော် ကိုးနောင်သည် သူ မိသားစုကို သူ့ မျက်စိအောက်မှာ ရှိနေမှသာ သဘောကျသောသူဖြစ်သည်။သူ့ အိမ်တွင်းမပြောနဲ့ အပြင်မှာနေတဲ့ ဆတ်နွယ်ကိုတောင် နှုတ်က ဖွင့်မပြောပေသည့် အမြဲထောက်လှမ်းနေတတ်သော သူဖြစ်သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now