Unicode
နေရောင်အလင်းတန်းလေးများအား မိုးသားတိမ်တိုက်တွေကြားမှ ထွက်စပြုချိန်....။
အိပ်ခန်းကနေ ဘေးလက်ကိုင်အိတ်ကို တင်းတင်းဆုပ်ကိုင်၍ ဦးမြင့်ခေါင်တစ်ယောက် အိမ်အပေါ်ထပ်ကနေ အလောတကြီး ဆင်းလာခဲ့သည် ။ ထိုနည်းတူ ဇနီးဖြစ်သူ ဒေါ်ထိပ်ထားလည်း သူ့၏ နောက်တွင် ပါလာခဲ့၏....။"အကိုရယ်...."
"ဘာလို့လောနေတာလဲ အခုမှခြောက်ခွဲပဲရှိသေးတာကို မနက်စာ လေးတော့ စားသွားအုန်းမှပေါ့ ၊ ကျန်းမာရေးဆိုတာမျိုးက အခု ကောင်းနေပေမယ့် အချိန်မရွေးထဖောက်နိုင်တဲ့အရာလေ.. ၊ ပြီးတော့ ကျွန်မအထင် ဒီလောက်ထိ အကို လောနေဖို့ မလိုအပ်ပါဘူး ထိပ်ထားတို့ကပိုင်ရှင်ပဲ ဘယ်ချိန်သွားသွားပေါ့. အဓိက အချိန်မလွန်ခင်ရောက်သွားဖို့ပဲမှတ်လား... ၊ မနက်စာလေးတော့ စားသွားနော် အကို "
"ဟော ... ညကတည်းက အကိုမင်းကို မပြောပြထားတာလည်း မဟုတ် ဒီနေ့ရုံးမှာ အရေးကြီးတဲ့လုပ်ငန်းရှင်တွေနဲ့ချိန်ထား တယ်ဆိုတာကို ပြီးတော့ တစ်ခြား ရှယ်ယာရှင်တွေနဲ့လည်း အကို လုပ်ငန်းအသစ်အတွက် စာချုပ်ချုပ်ဆိုရအုန်းမှာ ၊ မင်းပဲ စဥ်းစားကြည့်လေ ဒီလိုနေ့မျိုးမှာ လုပ်ငန်းအများစုကို ကြိုးကိုင်ထား တဲ့ အကိုက နောက်ကျနေလို့ဖြစ်ပါ့မလား...နောက်ပြီး ဘယ်လုပ်ငန်းမှာဘာဖြစ်တယ် ဟိုနေရာမှာ ဘာဖြစ်သွားပြန်ပြီ အသေးစိတ်ကအစ အကိုပဲ လိုက်ပြီးဖြေရှင်းနေရတာ... "
ဦးမြင့်ခေါင်စကားမဆုံးခင်မှာပဲ ဒေါ်ထိပ်ထားသည်
"အကို့ကိုပြောလိုက်ရင် အမြဲတမ်း ဒီတိုင်းကြီးပဲ၊ သားကို လုပ်ငန်းခွင်ထဲဝင်ခိုင်းပါဆိုတော့လည်း ငယ်သေးလို့ လွတ်လွတ်လပ် နေပါစေအုန်းတဲ့ ၊ ပြီးတော့ ...သားဖြစ်သူကျတော့လည်း အလုပ်မလုပ်ချင်သေးဘူးတဲ့လေ ၊ ဒီသားအဖနှစ်ယောက်ကြားမှာ နေရတဲ့ ကျွန်မ မိထိပ်ထား ရူးရပါတော့မယ်ရှင်... "
"ဟုတ်ပါပြီ...အခုတော့ ရူးချင်တဲ့စိတ်ကို ခနထိန်းထားအုန်း... အကို ဆေးရုံလိုက်ပို့ဖို့ အချိန်မရှိသေးလို့ ၊ ပြီးတော့ တကယ်လည်း နောက်ကျနေပြီမို့ သွားတော့မယ် ၊ မနက်စာအတွက်တော့ စိတ်ပူမနေနဲ့ အကိုရုံးရောက်တော့မှပဲ မှာစားလိုက်တော့မယ် "