"မမ ညနေကျ သော်ဝယ်စရာလေးရှိလို့ လိုက်ဝယ်ပေးနော်"
ကျောင်းရောက်တော့ ကားပေါ်ကဆင်းခါနီး သော်က မမကို ညနေ အတွက် ကြိုမှာနေခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါရှင်"
မမကချစ်စရာကောင်းစွာ ပြောပြီး ကားမောင်းထွက်သွားသည်။
ညနေကျောင်းဆင်းတော့ အိမ်ကကားလာကြိုနေတာတွေ့လိုက်သည်။
"သမီး သော် လာလေ။ သမီး အမကသူကျောင်းမှာ အစည်းအဝေးရှိလို့တဲ့ အဲ့တာ ဦးလေးပဲသွားကြိုလိုက်ပါဆိုလို့"
သော် စိတ်ညစ်သွားသည်။
မမက သူ့ကိုတော့ ဖုန်းလေးဆက်ပြီးပြောသင့်တာပေါ့လို့ တွေးလိုက်မိသည်။
အိမ်ပြန်ရောက်တော့ မိုးရွာလာတာနဲ့ သော့်အကြိုက် ခြံထဲ ဆင်းပြီး မိုးရေချိုးလိုက်တော့သည်။ သော်က မိုးအရမ်းရွာလာရင် မိုးရေထွက်ချိုးချင်တဲ့အကျင့်ရှိသည်။"သော် တော်တော့လေ ဖျားလိမ့်မယ်"
စန္ဒာက မိုးရေကြိုက်တဲ့ သော့်ကို ဖျားမှာစိုးရိမ်ပြီး လှမ်းအော်နေသည်။
"မမစန္ဒာ လာပါလား သော်နဲ့ မိုးရေလာချိုး"
သော်က ပြောလို့မရတဲ့အပြင်သူ့ကိုပါ လှမ်းခေါ်နေတော့သည်။
"ခဏနေ လာတော့နော်"
"ဟုတ်"
မိုးရေချိုးနေရင်း ခိုင်ပြန်ရောက်လာသည်။ ခြံထဲမှာ မိုးရေထဲ ပြေးနေတဲ့ သော့်ကိုတွေ့လိုက်ရသည်။
သော်က သူ့ကားဝင်လာတာ မမြင်ချင်ယောင်ဆောင်နေပုံထောက်ရင် သူ ညနေလာမခေါ်ဖြစ်တာ စိတ်ကောက်နေပုံရသည်ဟု တွေးမိသည်။
ခိုင် ထီးလေးဆောင်းပြီး သော့်ဆီ သွားလိုက်သည်။
"သော် မမပြန်ရောက်ပြီနော်"
သော်က သူ့ကို တချက်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။
"သော်ရေ ကြာနေပြီလေ လာတော့။ မမခိုင်ရေ သော့်ကို ခေါ်လာလိုက်ပါ။ သူတော်တော်ကြာနေပြီ"
စန္ဒာက ထပ်ပြီး လှမ်းအော်သည်။
"သော် ကြာနေပြီဆို လာတော့ အထဲဝင်ရအောင်"
ခိုင်က လက်လေးကို လှမ်းဆွဲလိုက်တော့ သော်က မသိမသာလေး ရုန်းလိုက်သည်။ ခိုင် သော့်ကိုတချက်ကြည့်လိုက်ပြီး သူ့လက်လေးကို ထပ်ဆွဲလိုက်သည်။
"သော်....."
ခိုင် စိတ်နည်းနည်းတိုသွားပြီး အသံမာမာလေးဖြင့် ခေါ်လိုက်သည်။ သော်ကလှည့်မကြည့်ပဲ အိမ်ထဲ ဝင်သွားတော့သည်။
ဒီကလေးက သူ့စိတ်ချည်းပါပဲလား.......ညဘက်ကျ ခိုင် သော့်အခန်းထဲ သွားလိုက်သည်။ စိတ်ကောက်နေသည့်ကလေးကို ချော့ရအုံးမည်မဟုတ်လား။
"သော် မမဝင်လာပြီနော်"
သူ့ကို မြင်တော့ သော်က ကုတင်လေးပေါ်မှာ အိပ်နေရာကနေ ထထိုင်လိုက်သည်။
"ခေါင်းရောခြောက်ရဲ့လား"
ဆံပင်လေးတွေကိုင်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ခေါင်းသိပ်မခြောက်သေး။
"ခေါင်းက မခြောက်သေးဘူးလေ။ ဘာလို့အိပ်နေရတာလဲ"
ပြောပြောဆိုဆိုနဲ့ တဘက်လေးယူပြီး သုတ်ပေးလိုက်သည်။ ဒီချိန်ထိကို သော်က သူ့ကိုစကားပြန်မပြော။
"သော် မမကိုစကားမပြောတော့ဘူးလား"
"........."
"ညနေက အရေးပေါ်အစည်းအဝေးရှိနေလို့ပါ သော်ရယ်"
"သော့်ဆီ ဖုန်းလေးတောင်ဆက်လို့မရဘူးလား"
"ရုတ်တရက် ဖြစ်သွားလို့ပါ သော့်ဆီဆက်မလို့လုပ်တော့ သော်စာသင်နေချိန်ကြီးလေ"
"message ပို့ထားလို့ကော မရဘူးလား"
ခိုင်သိလိုက်သည်။ သူဘာပြောပြော မှားနေပြီဆိုတာ။
"မမ မှားသွားတာပါ။ တောင်းပန်တယ်နော် စိတ်ဆိုးပြေတော့"
"စိတ်မဆိုးပါဘူး"
စိတ်မဆိုးပေလို့သာပဲ......
"ပိတ်ရက်ကျရင် မမတို့ ဘုရားသွားကြမယ်လေ။ နောက်ပြီး shopping ထွက်ကြမယ်"
"ပြောပြီး ကတိမတည်ရင် ဒီကလူပဲ စိတ်တိုရအုံးမယ်"
သော့်ကိုကြည့်ပြီး ခိုင်ရယ်ချင်လာသည်။ တကယ့်ကလေးလေးပါလားလို့လဲ တွေးလိုက်မိသည်။
"အော် တကယ်လိုက်ပို့ပေးပါမယ်ဆိုနေ"
သော့်မျက်နှာလေးပြုံးလာပြီး သော်က သူ့ပေါင်ပေါ်ကို ခေါင်းလေးတင်ပြီး လှဲအိပ်လိုက်သည်။
"မမ...... သော့်ကိုချစ်လား"
"ချစ်တာပေါ့ မမရဲ့ အချစ်ဆုံးညီမလေးပဲကို"
မမအချစ်တွေကို သော် တဖြည်းဖြည်းပြောင်းလဲယူမှာပါ မမရယ်။ ခုတော့ မမ ချစ်ချင်သလိုသာချစ်ပါ........
YOU ARE READING
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"