🌼ဇနီးချော၏အမိန့်🌼Part-13

5.5K 134 3
                                    


      🌼🌼🌼ဇနီးချော၏အမိန့်🌼🌼🌼Part-13

                   🌼🌼🌼🌻🌼🌼🌼

တစ်သောင်းတန်အထပ်လေး လေးအုပ်ကိုစားပွဲပေါ်တင်ပေးရင်း သူ့ဘက်ကိုကမ်းပေးလိုက်သည့်သျှင်။

အထက်တန်းကျောင်းသူဘဝတည်းက ခင်မင်လာတဲ့သူငယ်ချင်းလည်းဖြစ်သလို သာမန်မိသားစုထဲကပဲမို့ ရန်ကုန်မှာအလုပ်လာလုပ်ရင်း ကျောင်းတက်၍မိဘကိုလုပ်ကျွေးပြုစုနေတဲ့သားလည်းဖြစ်တာမို့ သူခက်ခဲနေချိန်ကူညီပေးချင်မိသည်။

ဖုန်းထဲမှာအသံနားထောင်ချိန် လေသံမပွင့်တပွင့်ဖြင့် အကူညီတောင်းလာတည်းက သူအားနာလွန်းတဲ့ကြားမှ မလွဲသာလို့အကူညီတောင်းမှန်းသိသာနေခဲ့သည်။

ထို့ကြောင့်လည်း သျှင့်ဘက်ကနေအားတက်သရော ကူညီချင်ခဲ့သည်လေ။

"ယူလိုက်နော်...နင်အဆင်ပြေတဲ့အချိန်မှပြန်ပေးပေါ့
သျှင့်ကိုအားနာစရာလည်းမလိုဘူး"

"အေးဟယ်...ငါလည်းမျက်နှာပူပါတယ်...မလွဲသာလို့သာ..."

"မဟုတ်တာပဲ ရတယ်...ရေကြည့်လိုက်အုံး၊
ထပ်လိုရင်လည်းပြောပေါ့ အချင်းချင်းတွေပဲ...
ကူညီနိုင်သလောက်ကူညီပေးလို့ရတယ်..."

"တကယ်ကျေးဇူးတင်ပါတယ် သျှင်ဘုန်းမေရယ်...နင်မကူညီရင်ငါတခြားသူလည်း မချေးရဲဘူး"

ပိုက်ဆံအုပ်လေးတွေရေရင်း ပြောနေသည့်မင်းခန့်ကို သျှင်ပြုံးကြည့်၍ လိမ္မော်ရည်ပိုက်လေးတစ်ငုံငုံ့သောက်ကာ...၊

"တစ်ခုခုဆိုပြောပါဟယ်...အားနာစရာလူတွေမှမဟုတ်တာ နင့်အမေရောသက်သာရဲ့လား..."

"အင်း...အဆုတ်မကောင်းတာဆိုတော့ ဒီလိုပါပဲ
အဆိုးကြီးမဟုတ်တာပဲတော်နေသေးတယ်...နောက်လကုန်မှငါခွဲဆပ်မယ်နော် ဖြစ်ရဲ့လား..."

"နောက်လမဟုတ်ဘူး နောက်နှစ်နင်အဆင်ပြေမှဆပ်လည်း ဖြစ်ပါတယ်မင်းခန့်ရယ်...ပူမနေနဲ့ထပ်လိုရင်သာပြော မပြောပဲစိတ်ညစ်ခံမနေနဲ့"

ထိုအခါမှမင်းခန့်ရင်ထဲ အလုံးကြီးကျသွားသလို ပြုံးနိုင်တော့၏။

သျှင်ဘုန်းမေဟာအရင်တုန်းကအတိုင်းပဲ လူတဖက်သားဒုက္ခရောက်ရင် ကူညီပေးဖို့ဝန်မလေးတတ်တဲ့ သူငယ်ချင်းမလေးမို့ အခုလည်းသူခက်ခဲနေချိန်မျိုးမှာ အလွယ်တကူကူညီပေးသဖြင့် သူ့စိတ်ထဲ၌
ကျေးဇူးတွေထပ်ခါတင်နေမိသည်။

🌼ဇနီးချော၏အမိန့်🌼Where stories live. Discover now