Part 20(Unicode)

1.1K 134 18
                                    

"ရော့....ပျားရည်နဲ့ ကြက်ဥသောက်ချလိုက်"

"မနက် ဆေးရုံသွားရမယ်မှန်းသိရက်နဲ့ ဒီလောက်ထိ မူးအောင် သောက်လာရသလား ရောင်နီလွင်ဦး"

ဒယ်ဒီနဲ့ မာမီဆီက တစ်လှည့်စီထွက်လာတဲ့
စကားတွေ...။ မာမီကမ်းပေးတဲ့ ဖန်ခွက်ကို လှမ်းယူမော့ချနေရလို့ ရောင်နီ ချက်ချင်း
စကားမပြန်နိုင်။ အကြည့်တွေဖြင့်သာ ဒယ်ဒီ့ဆီ
ဦးတည်တော့ သူ့ကို စူးစိုက်ကြည့်နေတဲ့ မျက်ဝန်းအိုတစ်စုံနှင့် တည့်တည့်တိုးသည်။ ထိုကဲ့သို့အကြည့်မျိုးတွေနှင့် ရောင်နီ ရင်မဆိုင်ချင်။ ဘာအမှားလုပ်ထားမလဲ စူးစမ်းမှန်းဆကာ ထင်မြင်ရာကို ပြောတော့မယ့် အပြုအမူတွေက "ရောင်နီ့အတွက်"လို့ အမည်ခံထားတဲ့ အတ္တမောဟတွေ...။

ဖန်ခွက်ထဲမှာ အရည်တစ်စက်
မကျန်သည်အထိ ​မော့သောက်လိုက်သည်။
မနက်ကလည်း အန်ခဲ့ရသေးပေမယ့် သူ့ရင်ထဲမှာတော့ ပေါ့ပါးမသွားသေး...။

"ဒယ်ဒီတို့ကို ဘာတွေဖုံးကွယ်ထားလဲ ရောင်နီ။ ကိစ္စရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောလေကွာ"

"ဟုတ်သားပဲ သားရယ်။ ဒီရက်ပိုင်း
မင်းပုံစံတွေ ပြောင်းနေတာ မာမီသတိထားမိတယ်။
ဘာလဲ ဆေးရုံမှာ အဆင်မပြေလို့လား။ ဒါမှမဟုတ် ခင်ယွန်းလေးကြောင့် စိတ်ညစ်နေတာလား"

"မင်းတို့လူငယ်တွေ ဘာကိစ္စရှိနေကြမှန်းတော့ ဒယ်ဒီမသိဘူး။ ဒါပေမယ့် ဘာကိစ္စပဲရှိရှိ ခင်ယွန်းသက်နဲ့တော့ အဆင်ပြေအောင်နေ"

"ဘာဖြစ်လို့လဲ ဒယ်ဒီ။ ဘာဖြစ်လို့ ကျွန်တော်က ခင်ယွန်းသက်နဲ့ အဆင်ပြေအောင်နေရမှာလဲ။ ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ်... ခင်ယွန်းသက်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အဆင်ပြေချင်ရင်ရော မရဘူးလား"

အသံတွေ တိတ်သွားခဲ့ကြပေမယ့် ခုန်နှုန်းမြန်နေတဲ့ နှလုံးသားရဲ့အသံကိုတော့ ရောင်နီ ဆက်ကြားနေခဲ့ရသည်။
မာမီက ဒယ်ဒီ့ကို လှမ်းကြည့်လိုက်ပြီး ဒယ်ဒီကတော့ ရောင်နီ့မျက်နှာကို ထုံးစံအတိုင်း အကဲခတ်နေသည်။ တစ်သက်လုံး ပုံစံခွက်ထဲမှာ အသံတစ်ချက်မထွက်ဘဲ နေသားကျနေခဲ့တဲ့ ရောင်နီလွင်ဦးက အခုမှ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို သိချင်နေကြလိမ့်မည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ