Part 25(Unicode)

1.2K 124 15
                                    

အစိမ်းလိုင်းလေးတွေအတွင်းမှာ အပြာအနုအဖျော့
အကွက်ဖောက်ထားသော ရှပ်အင်္ကျီ၊ အောက်ခံအဖြစ် အနက်ရောင်တီရှပ်နှင့် ခြေသလုံးထိ လိပ်တင်ခံထားရသော ဂျင်းနက်ဘောင်းဘီရှည်...။

ရောဘတ်ဆိုးဝတ်ထားတဲ့ အဝတ်အစားတွေ
အားလုံးဟာ လူ​ကြုံရတုန်းက ရောင်နီကိုယ်တိုင် ဝယ်ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေချည်းဖြစ်သည်။

မမျှော်လင့်ထားသူကို ရုတ်တရက်တွေ့လိုက်ရတော့ အံ့အားသင့်စိတ်ကြောင့် သူ့အသွေးအသားထဲမှာ သွေးခုန်နှုန်းတွေ တဒိတ်ဒိတ်တိုးလာသည်။ အမြင်မှားတာများ ဖြစ်နေမလားထင်ခဲ့သော်လည်း သူတို့စပြီး အကြည့်ချင်း ဆုံမိသွားကတည်းက တစ်ယောက်သောသူရဲ့ခြေလှမ်းတွေက ခပ်မြန်မြန် နီးကပ်လာခဲ့ကာ သူ့လက်မောင်းတစ်ဖက်ကပါ တစ်ဖက်လူရဲ့ လက်ဖဝါးပြင်ကျယ်အောက် ဖျစ်ညှစ်ခံလိုက်ရခြင်းဖြစ်၏။

ထိုတစ်ချိန်တည်းမှာပဲ ရောဘတ်ဆိုးဘက်သို့ အဆွဲခံလိုက်ရတဲ့ ခန္ဓာကိုယ်ကလည်း အင်အားချင်း မမျှတခဲ့တာကြောင့် တစ်ဖက်ရင်ခွင်ထဲသို့ ယိမ်းယိုင်သွားခဲ့ကာ အခြေယိုင်သွားတဲ့ ခင်ယွန်းသက်ကတော့ မြေကြီးပေါ်သို့
အညှာအတာမဲ့စွာ ထိုင်လျက်ကျသွားခဲ့သည်။

"အ...အား....နာလိုက်တာ"

အရှိန်ဖြင့်အကျမှာ မြေကြီးကို လက်ဖနောင့်ဖြင့်
ထောက်ခဲ့မိခြင်း ဖြစ်လိမ့်မည်။ လက်ဖဝါးနှစ်ဖက်အား ညည်းတွားခါယမ်းနေသူ ခင်ယွန်းသက်ကြောင့် ရောင်နီ ရောဘတ်ဆိုးရဲ့မျက်နှာကို သတိလက်လွတ်  ငေးနေမိရာကနေ အသိပြန်ဝင်လာရပြီး မြေကြီးပေါ်မှာ ဖင်ထိုင်လျက်လဲနေသူဆီ ကူညီဖို့ ပြန်သွားရ၏။ အနောက်ပါးမှာ "အစ်ကို"ဟုခေါ်လိုက်သံလေး ထွက်လာသော်လည်း ရောင်နီကတော့ သတိမထားမိလိုက်။

သူတို့ရှိနေတဲ့ နေရာကွက်ကွက်ကလေးက
လူတွေကလည်း "ဘာဖြစ်သလဲ"ဝိုင်းကြည့်နေခဲ့ကြသည်မို့ ထိုမတော်တဆ အခြေအနေကို အမြန်ဆုံးဖြေရှင်းလိုက်ဖို့သာ ရောင်နီ့အာရုံထဲရှိနေသည်။ သူတို့အနားမှာ မလှုပ်မယှက် ရပ်နေဆဲ ရောဘတ်ဆိုးကတော့ မျက်မှောင်ကို ပေါက်ထွက်မတတ် တင်းကြုတ်ထားခဲ့ကာ ရောင်နီ့ လှုပ်ရှားမှုတွေကို မလွှတ်တမ်းစူးစိုက်ကြည့်နေသည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now