ကျန်းဟောက်အခုတလော ကျောင်းကပြန်တဲ့အခါတိုင်းနောက်ကျောမလုံသလိုခံစားနေရတယ်။အကြောင်းပြချက်ကတော့ သူတို့ကျောင်းရဲ့ လူမိုက်ကလေးက သူ့နောက်နေ ပါ လာတတ်လို့ပါပဲ။အစတုန်းကတော့ကြောက်မိနေပေမဲ့ ကျန်းဟောက်ကိုဘာအနှောင့်အယှက်မှ ပေးမလာတာကြောင့် ထွက်သွားဖို့ပြောလိုက်ဖို့အတွက်မလုပ်နိုင်ခဲ့ဘူး။
အဲ့ကောင်လေးနာမည်က ရစ်ခီ တဲ့ အရပ်ရှည်ရှည် ဆံပင်ရွှေအိုရောင်နဲ့ သူဌေးသားလေ ပြောရရင်တော့သူတို့ကျောင်းရဲ့ မြက်လေးပေါ့။ကျန်းဟောက်က အထက်တန်းဒုတိယနှစ် ရစ်ခီက ပထမနှစ် ဒါပေမဲ့ရစ်ခီကသူ့ထက်အရပ်ပိုရှည်ပြီးလူကောင်ကလည်းထွားသေးတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်က စပြီးအဲ့ခပ်ဆိုးဆိုးသူဌေးသားလေးက သူအိမ်ပြန်ရင်နောက်ကလိုက်လာပြီး သူလှည့်ကြည့်ပြန်ရင်လည်းအဲ့အတိုင်းရပ်ကြည့်နေတတ်သေးတာ။ကျန်းဟောက်တစ်ခုခုပြောလိုက်ချင်ပေမဲ့လည်း နာမည်ဆိုးရှိနေတဲ့အဲ့သူဌေးသားကိုသူ့ဘက်ကစပြီး ရန်မရှာရဲပါဘူး နောက်ပြီး ဒေါ်လေးတို့အိမ်မှာနေရတာဖြစ်တာကြောင့် ပြဿနာတွေလည်းမလုပ်ချင်ဘူး။
"ကျန်းဟောက်"
သူ့နောက်ကျောကထွက်လာတဲ့အသံကြောင့် ဆက် ခနဲဖြစ်သွားပြီး လမ်းလျှောက်တာကိုရပ်မိလိုက်တော့တယ်။ရစ်ခီက သူ့အနောက်ကနေ မျက်နှာချင်းဆိုင်အနေအထားထိ လျှောက်လာပြီး သကြားလုံး တစ်လုံးကိုကမ်းပေးတယ်။
"ဘာလဲ"
ကျန်းဟောက်က ပေတေတေအကြည့်နဲ့ကြည့်လိုက်ရင်းမေးမိတော့ သူက ပြုံးလာရင်း ကျန်းဟောက်လက်ကောက်ဝတ်ကိုဆွဲယူလိုက်တယ်။ပြီးတော့ လက်သီးဆုပ်ထားတဲ့ သူ့လက်ကိုဖြန့်ပေးပြီး သကြားလုံးကိုလက်ထဲထည့်သွားတယ်။အဲ့ဒါပြီးတာနဲ့ သူ့ကိုကျောပေးပြီးထွက်သွားပါလေရော။
ကျန်းဟောက် ခဏလောက်တော့ဦးနှောက်ကအလုပ် လုပ် တာရပ်သွားတယ်ထင်တယ်။သူ့မျက်စိတစ်ဆုံးမှာ ရစ်ခီမရှိတော့မှအသိစိတ်ပြန်ဝင်လာပြီးအခုအဖြစ်အပျက်ကိုပြန်တွေးမိသွားတယ်။ နှစ်ပတ်လောက်အထိသူ့နောက်ကိုလိုက်နေတာက ဒီသကြားလုံးလေးပေးဖို့လို့ ဆိုလိုတာလား။