*ဂျုံဆောင်းမင်းကိုလာတွေ့သေးလား။အခုမင်းနဲ့ရှိနေလား*
ဂျောင်ဝန်းပြန်ပို့ထားတဲ့စာကို ဖုန်းထဲမှာမြင်လိုက်တာကြောင့် ဂျုံဆောင်းနဲ့အတူတူထင်းရှူးတန်းမှာရှိနေမယ်ထင်ထားပေမယ့် ဆောင်ဟွန်းတစ်ယောက်ထင်းရှူးတန်းကိုအပြေးရောက်သွားတဲ့အချိန်မှာ ဘယ်သူမှမရှိ။ဒါကြောင့် ဂျောင်ဝန်းကိုစာပြန်ပို့လိုက်ပီး ကျောင်းအဆောင်ဘက်ပြေးရပြန်သည်။
"ဂျုံဆောင်း"
ရှိနေပါစေမျှော်လင့်ချက်နဲ့ တံခါးကိုတွန်းဖွင့်ပီး အားရပါးရအော်ခေါ်ကြည့်ပေမယ့် ဘာလှုပ်ရှားမှုအရိပ်အယောင်မှမရှိ။ချွေးတွေစိုရွဲနေပီဖြစ်တဲ့ဆောင်ဟွန်းက အပေါ်ထပ်အင်္ကျီကိုချွတ်လို့ ကြမ်းပြင်ပေါ်ပစ်ချလိုက်ပီး အဆောင်ခန်းထဲက ထပ်ပြေးထွက်လာသည်။
ပိတ်ရက်ဖြစ်တာကြောင့် တိတ်ဆိတ်နေတဲ့စာသင်ခန်းတွေနဲ့လေ့ကျင့်ခန်းတွေရယ် ဟိုဒီလျှောက်သွားနေကြတဲ့ လူတစ်စစရယ်သာရှိသည်။ဆောင်ဟွန်းက စာသင်ခန်းတွေနဲ့ လေ့ကျင့်ခန်းတွေဘက်ကို တစ်ခန်းချင်းလိုက်ရှာသည်။ဒါပေမယ့် ဂျုံဆောင်းကိုမတွေ့ပြန်။
ပစ္စည်းထားတဲ့အခန်းထဲကို သွားကြည့်ခါမှ ထောင့်နားမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ဂျုံဆောင်းကိုတွေ့သည်။ထိုအခါမှပဲ ဆောင်ဟွန်းက သက်ပြင်းချနိုင်တော့သည်။
အမှောင်ကြောက်တတ်တဲ့ဂျုံဆောင်းက မီးတွေမဖွင့်ထားပဲ မှောင်မဲမဲနေရာမှာ ဒူးပိုက်လို့ထိုင်နေသည်။ငိုသံတရှုံ့ရှုံ့လဲထွက်နေတာကြောင့် ဆောင်ဟွန်းက စိတ်မကောင်းဖြစ်ရသည်။ဆွဲဖွင့်လိုက်တဲ့တံခါးကြောင့်အခန်းထဲမီးရောင်ဝင်လာပေမယ့် ဂျုံဆောင်းကလှည့်ကြည့်လာခြင်းအလျင်းမရှိ။
"ထပ်ဖြစ်ပြန်ပီ ထပ်ဖြစ်ပြန်ပီ ထပ်ဖြစ်ပြန်ပီ"
တိုးတိုးတိုးတိုးနဲ့ စကားတစ်ခွန်းထဲက အထပ်ထပ်ရေရွတ်နေတဲ့ဂျုံဆောင်းက စိတ်အဆင်ပြေနေပုံမပေါ်။
"ဂျုံဆောင်း..."
"ထပ်ဖြစ်ပြန်ပီ!!!"
ဂျုံဆောင်းက ငြိမ်နေရာကနေရုတ်တရက်ကြီးထအော်ပီး မျက်ရည်တွေတသွင်သွင်ကျလာသည်။ကြမ်းပြင်ကိုလက်သီးဆုပ်နဲ့အဆက်မပြတ်ထုနေပီး ကျန်လက်တစ်ဖက်က ရင်ဘတ်ကိုသွေးထွက်တဲ့ထိကုပ်နေတာကြောင့် ဆောင်ဟွန်းကဂျုံဆောင်းနားပြာပြာသလဲပြေးလို့ လက်ကိုလှမ်းဆွဲရသည်။
