မိုးရေထဲ တစ်နာရီခွဲလောက်နေလာတဲ့ဆောင်ဟွန်းက နှာတရှုံ့ရှုံ့။ခေါင်းတွေမူးပီးနေလို့ထိုင်လို့မကောင်းပေမယ့် ညတိုင်းသတ်မှတ်ထားတဲ့ ဂျုံဆောင်းနဲ့စကားပြောချိန်ကိုတော့ မပျက်ကွက်ခဲ့။
"ဆိုတော့ အစ်ကိုဟီဆွန်းနဲ့တွဲနေပီလားဂျုံဆောင်း"
"ဟင့်အင်း"
နှာထိပ်ကို လက်ဆစ်နဲ့ပွတ်နေတဲ့ဂျုံဆောင်းက ရှက်နေတာအသိသာ။
"ညနေက အစ်ကိုဟီဆွန်းအိမ်လာတယ်မဟုတ်လား။တွေ့လိုက်တယ် မင်းနဲ့အစ်ကိုဟီဆွန်းကို"
"အင်း...ငါ့ကိုပြောတယ် လောစရာမလိုဘူးတဲ့။သဘောကျတာမလို့ ဖြေးဖြေးချင်းဆိုရင်လဲစောင့်ပေးမယ်တဲ့"
"မင်းကိုနားလည်ပေးနိုင်လိမ့်မယ်လို့ထင်လား ဂျုံဆောင်း"
"မသိသေးဘူး ဒါပေမယ့်စိတ်လှုပ်ရှားတယ်"
"သဘောကျနေပီပဲ အစ်ကိုဟီဆွန်းကို"
"အင်း"
ကြိုတွေးပီးသားအရာဆိုပေမယ့်လဲ ဂျုံဆောင်းနှုတ်ခမ်းပါးကထွက်လာတဲ့အခါ လက်ခံဖို့ခက်ခဲသည်လေ။နေမကောင်းတဲ့ခန္ဓာကိုယ်ကိုလျစ်လျူရှုလို့ ဆေးသောက်ဖို့တောင်သတိမရတော့တဲ့ဆောင်ဟွန်းက စကားအပိုမဆိုတော့ပဲ ကုတင်ပေါ်တိတ်တိတ်ကလေးလှဲအိပ်သည်။စောင်အောက်ထဲတစ်ကိုယ်လုံးကျုံ့ဝင်လို့ မျက်ရည်တွေထပ်စီးကျမလာအောင် မျက်လုံးတွေကိုအတင်းမှိတ်ထားရင်း အိပ်ပျော်ဖို့သာကြိုးစားတော့သည်။
ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ မေ့လျော့နေခဲ့တဲ့ဆောင်ဟွန်းတစ်ယောက် ထိုညကအဖျားကြီးဖျားသည်။ညကြီးသန်းခေါင် တစ်ကိုယ်လုံးတုန်ချိလို့ ခေါင်းတွေပူထူပီးလန့်နိုးလာရသည်။မှောင်မဲနေတဲ့အခန်းထဲမှာ ပြတင်းပေါက်ကကျဆင်းနေတဲ့ လရောင်ဖျော့ဖျော့ကလွဲလို့ တခြားအလင်းရောင်မရှိ။
ညာဘက်စောင်းအိပ်နေတဲ့ဆောင်ဟွန်းက ချောင်းဆိုးရင်း ဘယ်ဘက်ကိုပြောင်းလို့အိပ်တယ်။စက္ကန့်ပိုင်းလေးပါပဲ အိပ်ပျော်နေတဲ့ဂျုံဆောင်းမျက်နှာကိုမြင်လိုက်ရတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ ဆောင်ဟွန်းကကိုယ်တိုင်ဖျားနေမှန်းတောင်သတိမရတော့ဘူး။
