ယမင်းငယ် ဒင်နာပါတီထဲ ကနေတိတ်တဆိတ်ထွက်လာခဲ့တယ်။ မင်္ဂလာပွဲပြင်ဆင်နေစဉ်ကာလနဲ့ မင်္ဂလာပွဲအတွင်းမှာ ထိန်းထာသမျှ ည ဒင်နာပါတီထဲကအထွက် ပြိုကျပျက်ဆီးနေသောစိတ်တွေသည် အပြင်လဲ ရောက်ရော မျက်ရည်များ အဖြစ်ပြောင်းလဲ သွားသည်။ ယမင်ငယ် မငိုပေမယ့် မကုန်ခမ်းနိုင်သော မျက်ရည်များသည် ဆည်ကျိုးသလိုပင် တလိမ့်လိမ့် ကျဆင်းလျက်ရှိသည်။ ကားပါကင်ထိအားတင်းလျှောက်ခဲ့ပြီး ကားထဲတွင်တော့ အပြိုပြိုအလဲလဲ ငိုကြွေးမိသည်။ ဘဝဇာတ်ဆရာက ယမင်းငယ်ကို မညှာမတာ ဖြင့် နာကျင်ရသော ဇာတ်ခုံတွင်သာ က ခိုင်းခဲ့သည်မဟုတ်ပါလား။ ချစ်ဦးသူကိုနဲ့လဲ ပေါင်းဆုံခွင့်မပေးခဲ့သလို နောက်ဆုံးသော အချစ်ဇာတ်လမ်းမှာလည်း ပျော်ရွှင်ခွင့်မပေးခဲ့။ကျဆင်းနေသော မျက်ရည် ကိုခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ ကားစီရီယာတိုင်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်သည်။ အိမ်ပြန်ရမည်။ မေမေ့ ဆီသွားပြီး မေမေ့ ရင်ခွင်ထဲမှာ ငိုကြွေးရမည်။ အနည်းဆုံးတော့ ငယ့်မှာ အမေရှိသေးသည်။ မေမေ့ဆီသွားရမယ်။ မေမေ့သမီးရဲ့ အချစ်ရေးကံမကောင်းပုံတွေကို ရင်ဖွင့်ပြောပြရမည်။
_____
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။ ဒီနေ့က လမိုက်ညထင်သည်။ ချယ့်ဆီမှာပဲ ရောက်နေတဲ့ စိတ်ကို ချယ့်ဆီက ပြန်လာအောင် တခြားတခြားသောအရာကို စိတ်ဝင်တစားတွေးနေမိသည်။ သို့သော် အချည်းနှီးသာ။ ဘာလို့လဲ ။ ယမင်းငယ်အတွက် အချစ်ရေးက အမြဲကံဆိုးနေရသည့်အကြောင်းရင်က ဘာဖြစ်မှာလဲ။ ယမင်းငယ် ဘက်က ကိုယ့်ချစ်တဲ့သူအပေါ် အရာအားလုံး ပေးပြီး ချစ်ခဲ့တာပဲ။ ယမင်းငယ်မှာဘာများလိုအပ်ချက်ရှိနေလို့ ယမင်းငယ်ချစ်တဲ့သူတွေက ယမင်းငယ်အပေါ်ရက်စက်နိုင်ကြတာလဲ။ အတွေးတွေ ဒီနာကျင်စရာအတွေးတွေက ရောက်ရောက်လာပြန်သည်။ ချစ်တဲ့သူကို လက်လွှတ်ပေးလိုက်ရတဲ့အခါ ရလာတဲ့ နာကျင်မှုတွေကို ဘယ်လိုဖြေဖျောက်ရင် ပျောက်နိုင်မလဲ။ ယမင်းငယ်မသိတော့။
စိတ်တွေ အေးချမ်းဖို့ တခုခုလုပ်ရမည်။ မေမေ့ဆီ အမြန်ရောက်ချင်သည်။ ကားအရှိန်ကို အနည်းငယ်တင်လိုက်သည်။ မျက်ရည်ဟာ ကျနေတုန်းပင်။ ဘာလုပ်ရမလဲ။ ထပ်ကာထပ်ကာ ကျနေသော မျက်ရည်ကို နောက်တစ်ကြိမ် လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်း ဆွဲပွတ်ပြီး သုတ်လိုက်သည်။ နောက်ဆုံးမှာ အများကြီး နာကျင်စရာတွေ ထပ်မတွေးမိစေဖို့ ကားထဲတွင် ရေဒီယိုနားထောင်ရန် ဖွင့်လိုက်သည်။ရေဒီယို သည် သီချင်းတစ်ပုဒ်ပြီးဆုံးသွားဟန်ရှိသည်။ ကြေငြာသူက
နောက်ဖွင့်မည့်သီချင်းတစ်ပုဒ်အကြောင်းကို ပြောနေသည်။ သို့သော် ဘာေတွ ပြောနေသည်ကို တော့ ယမင်းငယ် အာရုံမရ။
တီးလုံးသံထွက်လာသည်။ ဒီသီချင်းကို ယမင်းငယ်သိသည်။ ဒီသီချင်းသံနှင့်အတူ ယမင်ငယ် အတွက် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည်။ တခြားသူတွေက ဒီရွေးချယ်မှုကိုမှားယွင်းတယ်လို့ ထင်နိုင်ပေမယ့် ယမင်ငယ်အတွက်ကတော့ ဒီရွေးချယ်မှုဟာ လွတ်မြောက်ရာဖြစ်ဟန်တူသည်။

YOU ARE READING
The One That Got Away
Historia Cortaထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။