"အဟမ်း!.."
ဖေဖေက ချောင်းဟန့်သံကျယ်ကျယ်ကြီးအား နောက်ထပ်တစ်ချက်ပြုပြီးမှ မျက်နှာအားခပ်လွှဲလွှဲပြုသည်။ဆိုင်းလော့ဒ်က အေးစက်တောင့်တင်းနေပါသော ရှင်းခန့်၏လက်ဖဝါးအား ခပ်တင်းတင်းဖိဆုပ်ကိုင်ထား၏။မေချိုက ခပ်တင်းတင်းဆုပ်ကိုင်ထားသော လက်တစ်စုံအား မျက်လုံးဝေ့ကြည့်ပြီးမှ မသိမသာအကြည့်အား လွှဲဖယ်လေသည်။
"ဧည့်သည်ရောက်နေတာ အထဲခေါ်ခဲ့လေ၊အပြင်ကြီးမှာ..."
ဖေဖေ့၏အသံက အနိမ့်အမြင့်အတက်အကျမရှိ ခန့်မှန်းရခက်စွာ ထွက်ပေါ်လို့လာသည်။မျက်နှာပေါ်မှာလည်း မည့်သည့်အရိပ်အငွေ့တို့ကိုမှ ဖမ်းဆုပ်၍မရပေ။သူတို့၏အဖြစ်အပျက်ကို ဖေဖေမြင်သွားတာသေချာပါသည်။ချောင်းဟန့်သံကြားမှ သူတို့သတိဝင်ကြတာမဟုတ်ပါလား။ထိုသို့တွေးမိတော့ တစ်ကိုယ်လုံးထူပူလာရသည်။ဖေဖေက ထိုမျှသာပြော၍ မေချိုနှင့်အတူ အထဲသို့ပြန်ဝင်သွားပြီ ဖြစ်သည်။သူကတော့ သူသောကဖြင့်သူ ခြေလှမ်းရွေ့ဖို့ကိုသတ္တိမွေးနေရသည်။ဆိုင်းလော့ဒ်နှင့်ကိစ္စကို ဖေဖေသိထားသည်ဆိုပေမဲ့လည်း အခုလိုမျိုးခြံရှေ့မှာ ကဲသဲနေကြတာကို မျက်မြင်ကိုယ်တွေ့ဖြစ်ရသည့် ကိစ္စကြီးကတော့ အတော်လေးကို မျက်နှာပူစရာကောင်းလှသည်။ဆယ်ကျော်သက်မနူးမနပ်အရွယ်မို့ မိဘရှေ့မှာ ဒီလိုမျိုး မဆင်မခြင် ဖြစ်ရတာမျိုးဆိုတော်သေးသည်။အခုတော့ ဒီအသက်ဒီအရွယ်ကြီးကျမှ...။
ရှင်းခန့် ဆက်တောင်မတွေးနိုင်တော့ချေ။ဖေဖေ့ကို ဘယ်လိုရင်ဆိုင်ရမလဲတောင် မသိတော့။အတွေးတို့ဖြင့် ရှုပ်ထွေးနေဆဲ လက်တစ်ဖက်အားခပ်တင်းတင်း ဆုပ်ကိုင်လာပါသော အထိအတွေ့ကြောင့် နံဘေးရှိဆိုင်းလော့ဒ်အား ပြန်သတိရသွားရသည်။
"မင်း! ပြန်တော့...."
ဆုပ်ကိုင်ထားသော လက်အားပြန်ရုန်းထွက်ရင်း သူပြောမိတော့ ဆိုင်းလော့ဒ်၏ မျက်ခုံးတို့အလိုမကျသလိုမျိုး တွန့်ကုပ်သွားရလေသည်။ပြီးတော့ ရုန်းထွက်နေသော လက်အားပို၍တင်းကြပ်အောင် ဆုပ်ကိုင်လိုက်ပြီးမှ...
"ခင်ဗျားပါ ပြန်လိုက်ခဲ့ အတူတူပြန်မယ်...."
"ကိုယ်က အခု ပြန်လို့မရသေးဘူးလေ..."
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...