part- 4 ( Unicode )

3.9K 443 126
                                    

နံနက် ၆ နာရီ ။ မိုးတိတ်သွားပြီ​ဖြစ်သည် ။

အသက်ရှူသံမှန်မှန်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကလေး အိပ်ပျော်နေတဲ့ ကလေးရဲ့နဖူးပြင်ဆီ သူ အသာစမ်းလိုက်တော့ ကိုယ်ပူကအတော်လေးလျော့ကျသွားပြီဖြစ်သည် ။

" အဖျားကျသွားပြီပဲ  "

ဆုပ်ကိုင်ထားတဲ့ လက်ဖျားလေးကို နှမြောတသစွာနဲ့ လွှတ်လိုက်ရင်း ကုတင်ပေါ်မှဆင်းခဲ့ရသည် ။  မကြာခင် ငယ်ငယ်တစ်ယောက်နိုးလာတော့မည် ။ ဒီနေ့အတွက်တော့ ရှောင်းမုယွမ်တစ်ယောက် အလုပ်သွားဖို့ အဆင်မပြေတော့ ။ ညကငယ်ငယ့်ရဲ့အခြေအနေက အခုချိန်ထိ သူ့ကိုခြောက်လှန့်နေဆဲမို့ ဒီတစ်နေ့တော့ ဘယ်နည်းနဲ့မှ ငယ်ငယ့်အနားက ခွာနိုင်မယ်မထင်တော့ ။

သက်ပြင်းဖွဖွသာချမိရင်း  ကလေးရဲ့ကိုယ်ပေါ်က လျှောကျနေတဲ့ စောင်ကလေးကို ပင့်တင်ပြီး သူထခဲ့လိုက်သည် ။ စဲကာစ မိုးစက်မိုးပေါက်တွေက လိုက်ကာဖြူဖြူတွေ လူးလွန့်နေတဲ့ မှန်ပြတင်းပေါက်မှာ ဟိုတစ်စဒီတစ်စဖြင့်  တွဲလွဲခိုနားနေကြသည် ။ အချိန်လည်းမနည်းတော့တာမို့  စားပွဲပေါ်က ဖုန်းကိုကောက်ယူရင်း အိမ်တော်ထိန်းဆီဖုန်းဆက်ကာ ငယ်ငယ့်အတွက်မနက်စာကို  ပြင်ဆင်ခိုင်းရသည် ။

" သခင်ကြီးအတွက်ကရော ဘာပြင်ဆင်ပေးရမှာပါလဲ  "

" ကျွန်တော်ခေါင်းနည်းနည်းကိုက်နေလို့ ကော်ဖီတစ်ခွက်ဆို အဆင်ပြေပါပြီ ။ စွပ်ပြုတ်ကို အသားညက်အောင်ပြုတ်ပေးပါ ။ မညှီစေနဲ့ ။  "

" ဟုတ်ကဲ့ ။ သိပါပြီ "

ဖုန်းကိုစားပွဲပေါ်ပဲ ဖြစ်သလိုပစ်တင်ထားလိုက်ရင်း ဆန်တက်လာတဲ့လေပူတွေကို မှုတ်ထုတ်လိုက်သည်  ။ မိုးပေါက်ကလေးများ ခိုတွဲနေတဲ့ မှန်တံခါးပြင်မှတစ်ဆင့် မြင်နေရတဲ့ ဝေဝေဝါးဝါးပုံရိပ်တွေကို ခပ်စိုက်စိုက်သာငေးကြည့်ရင်း သူ့ရဲ့အတွေးအစုံကတော့ ညကအဖြစ်အပျက်တွေဆီက ရုန်းမထွက်နိုင်သေး ။ 

" လူယုတ်မာ တဲ့လား.. "

နားထဲလှိုင်းများကဲ့သို့ ထပ်တလဲလဲကြားယောင်လာတဲ့ ထိုစကားစုလေးက  သန်မာတဲ့ သူ့ရဲ့ခြေထောက်တွေကိုတောင် ဆောက်တည်ရာမဲ့စေသည်  ။  အရူးတစ်ယောက်လို အသက်မပါတဲ့အပြုံးတွေနဲ့ ရှောင်းမုယွမ်က ခပ်ဟဟရယ်သည် ။

Don't take away!! ( season 2 )Where stories live. Discover now